
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အဝင်အနီး အနောက်ဘက်မှာရှိတဲ့ အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ မြင်းချင်းရွာတွေဘက်ကို စစ်အာဏာရှင်တပ်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းနေလို့ ကျေးရွာ ၆ ရွာက ထောင်ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက် မနက် ၅ နာရီခွဲလောက်ကစပြီး စစ်တပ်က ရွှေဘိုမြို့အဝင် တောင်မုခ်ဂိတ်၊ မင်းကုန်းဂိတ်နဲ့ ဇီးကုန်းဂိတ်တွေမှာ အင်အားတိုးချဲ့ ချထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေဘိုအနောက်တောင်ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဗုံးသီးချဒရုန်းတွေနဲ့ နေ့ ည ဆက်တိုက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
စက်တင်ဘာ ၂၆ ရက်မှာတော့ အိုးဖို၊ ကင်းဗျားနဲ့ မြင်းချင်းရွာတွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်းခဲ့သလို၊ အနီးအနားရွာတွေကိုပါ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။
ဒီပစ်ခတ်မှုတွေကြောင့် အိုးဖို၊ ကင်းဗျား၊ မြင်းချင်း၊ ချီပါတောင်၊ ချီပါမြောက်နဲ့ ကျည်ပွေ့ကုန်း စတဲ့ရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီပြီး နီးစပ်ရာရွာတွေဘက်ကို တိမ်းရှောင်နေရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတယောက်က “မြင်းချင်းရွာမှာ သူတို့ အထိုင်တပ်ရှိတော့ အဲဒီကို တပ်ပြောင်းတာလား၊ ဒါမှမဟုတ် မြို့နဲ့နီးလို့ ကာကင်းချတာလားတော့ မသိဘူး။ ဒီ ၃ ရွာစလုံးက မြို့နဲ့လည်း နီးတယ်၊ မြို့အဝင်အထွက်နေရာတွေဆိုတော့ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ နေရာလည်း ဖြစ်တယ်။ အခုတော့ ရွာသုံးရွာစလုံးကို သူတို့ ဝင်ရောက်ထားပြီး ရှေ့လည်း မတိုး၊ နောက်လည်း ပြန်မဆုတ်တာ ၄ ရက်ရှိနေပါပြီ။ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး” လို့ ဆိုပါတယ်။
အခုလို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အနီးအနားရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာ ကားလမ်းမကြီးမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်ကားတွေ သွားလာလို့ မရတော့တဲ့အတွက် ကုန်ကားတွေအနေနဲ့ ကွင်းလမ်းတွေကနေ ပြောင်းလဲသယ်ယူနေရတာကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၆ ရက်ကလည်း ရွှေဘိုမြို့အဝင် တောင်မုခ်စစ်ဆေးရေးဂိတ်ကနေ ဗုံးတပ်ဒရုန်း ၃ စီးနဲ့ ချီပါတောင်ရွာ အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
နေအိမ်တွေပေါ်နဲ့ ဝင်းတွေထဲကို ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ချီပါတောင်ရွာက အသက် ၆၅ နှစ်နဲ့ ၇၀ အရွယ် အမျိုးသား ၂ ယောက် အသက် ၈၀ အရွယ် အမျိုးသမီး တယောက်တို့ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၉ နှစ်အရွယ် ယောက်ျားလေးတယောက် အပါအဝင် အသက် ၂၀ ကနေ ၇၀ ကြားအရွယ် ဒေသခံ ၇ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ပြီး ရက်ကန်းစင်တွေ၊ လယ်ယာသုံး စက်ပစ္စည်းတွေ၊ ကားတစီးနဲ့ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတွေ၊ မျိုးစေ့တွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။










