
အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေဟာ ဘုရားသုံးဆူမြို့ကို DKBA၊ BGF နဲ့ KNA ကရင်တပ်ဖွဲ့ဝင်တွေရဲ့အကူအညီနဲ့ သွားလာနေကြပြီး စစ်အာဏာရှင်တပ်ရဲ့ အဖွဲ့စုံစစ်ဆေးရေးဂိတ်တွေကို ငွေသိန်းချီလာဘ်ထိုးကာ ဖြတ်သန်းနေကြတယ်လို့ ဒေသခံ ယာဉ်မောင်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်အပါအဝင် သောင်းရင်းမြစ်ကမ်းတလျှောက်က နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံတွေဟာ မြဝတီမြို့၊ ဘုရားသုံးဆူမြို့နဲ့ ဘားအံမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်တာ၊ နေရာရွှေ့ပြောင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသားတပ်မတော် (KNA)၊ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံသားတွေဟာ ဘုရားသုံးဆူမြို့ကို နေရာရွှေ့ပြောင်းနေတာပါ။
ဒါအပြင် ဘုရားသုံးဆူလမ်းကြောင်းတလျှောက်က ရပ်ကုလား၊ စပယ်ဂူ၊ အဘစ် အာဏာသိမ်းစစ်တပ်ရဲ့ အဖွဲ့စုံစစ်ဆေးရေးဂိတ်တွေကို ထိုင်းဘတ်ငွေ သိန်းချီပေးပြီး ဖြတ်သန်းနေပါတယ်။
ခရီးသည်တင်ယာဉ်မောင်းတယောက်က “စစ်ဆေးကြမ်းတာက ရပ်ကုလား၊ စပယ်ဂူ၊ အဘစ်ရယ် ကြမ်းတာကတော့ သိပ်မကြမ်းဘူး။ နည်းနည်းပါးပါးပေါ့။ ကျားဖြန့်တွေကိုကျတော့ သူတို့ ရှောရှောရှူရှူပဲ။ ပိုက်ဆံပေး သွားတယ်ဆိုတော့။ ပိုက်ဆံက နည်းတာမှမဟုတ် သိန်းဂဏန်းနဲ့ ပေးထားတယ်ဆိုတော့ အေးဆေးပဲလေ။ ဒီလက်နက်ကိုင်တွေကပဲ ဘယ်လို ပြောမလဲ လက်နက်ကိုင်တွေပဲ သွားပို့ပေးတယ်လေ။ တောင်းကြီးကို ပြန်မလား။ ရန်ကုန်တက်မလား။ လက်နက်ကိုင်တွေနဲ့ပဲ ပို့ပေးတယ်လေ။ ဘယ်ကိုပဲသွားသွားပေါ့။ ဒီ မြဝတီကနေ ဘုရားသုံးဆူ လာမလား။ ဘုရားသုံးဆူကနေ မြဝတီ ပြန်မလား။ လက်နက်ကိုင်တွေနဲ့ပဲ ချိတ်ဆက်လုပ်ပြီး သွားနေကြတာလေ။ ဒီကျားဖြန့်တွေမရှိရင် ပြည်သူတွေက ဒီဘက်ခြမ်းမှာ သက်သာမှာပေါ့။ လူကုန်ကူးတာတွေလည်း ရှိရင် ရှိမှာပဲ။ ကျားဖြန့်ရှိနေတယ်ဆိုတော့ သူတို့က လုပ်ရင် လုပ်မှာ”လို့ ပြောပါတယ်။
ဒါအပြင် ဒေသခံတွေနဲ့ မြန်မာနိုင်ငံသား ခရီးသွားတွေကို လုံခြုံရေးအကြောင်းပြပြီး မှတ်ပုံတင် တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေအပြင် ငွေတောင်းခံတာတွေကြောင့် လူတယောက် ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကုန်ကျတာတွေရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက ကျားဖြန့်လုပ်ငန်းတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေလည်း ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေတယ်လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကရင်အခြေစိုက် တက်ကြွလှုပ်ရှားသူတယောက်က “လက်ရှိ ဘားအံမြို့ကပဲဖြစ်ဖြစ်၊ မြဝတီကပဲ ဖြစ်ဖြစ် ကျားဖြန့်လုပ်ငန်းလုပ်တဲ့ လူတွေကို တရားမဝင်တဲ့ လမ်းနဲ့ကော တရားဝင်တဲ့ လမ်းနဲ့ကော အမျိုးမျိုးအဖုံဖုံ ဆက်သွယ်ချိတ်ဆက်ပြီးတော့မှ ဘုရားသုံးဆူဘက်ကို ပို့နေတာ ရှိနေတယ်လေ။ အများအပြားပဲဟာ။ BGF ပို့ပို့၊ DKBA ပို့ပို့ သူတို့သွားတဲ့ လမ်းတလျှောက်မှာ စကမရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ အဲဒီဂိတ်တွေနဲ့ သူတို့အဖွဲ့သားအချင်းချင်း ညှိနှိုင်းပြီးတော့မှ တောင်းဆိုတဲ့ကြေး ညှိနှိုင်းပြီးတော့ ခွင့်ပြုပေးနေတယ်။ တရားမဝင် တရုတ် ၁ ယောက်ကို ကျပ် သိန်း ၄၀ ၅၀ အထိ အောက်ကြေးရှိတယ်။ ကျားဖြန့်နဲ့ပတ်သက်ပြီး စကမအဖွဲ့ဝင်တွေ အရာရှိအကြီးပိုင်းတွေ ခေါင်းဆောင်ပိုင်းတွေ ပြည်နယ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း အခကြေးငွေတွေ ယူပြီးတော့မှ လွှတ်ပေးနေတယ်ဆိုတာ သိကြတယ်။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက ကမ္ဘာက သိထားသလို စကမက သတင်းဖြန့်ထားသလိုမျိုး BGF တို့ DKBA တို့ လုပ်တာမျိုးမဟုတ်ဘဲ စကမရဲ့ တပ်ဖွဲ့ဝင်တွေလည်းပဲ ထဲထဲံဝင်ဝင် ပါဝင်လုပ်ဆောင်နေတယ်ဆိုတာ”လို့ ပြောပါတယ်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသားတပ်မတော် (KNA) ထိန်းချုပ်နယ်မြေတွေမှာ လက်မခံဘူးလို့ ပြောဆိုထားပေမဲ့ ဒီကနေ့အထိ ဆက်လက် လုပ်ကိုင်နေတာတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က DKBA ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ခြံဝင်းအတွင်း အဓမ္မခိုင်းစေခံထားရတဲ့ ဂျပန်နိုင်ငံသား ၂ ယောက်ကို ထိုင်းအာဏာပိုင်တွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတာဝန်ရှိသူတွေက ကယ်ထုတ်ခဲ့ရပါတယ်။











