
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီလတုန်းက အာဏာသိမ်းခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ဟာ သူ့ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီနောက်ဆုံးသတ်မှတ်ရက်က အများကြီး ကျော်လွန်သွားပါပြီ။ ဒီငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ (EAOs) ရဲ့ ပယ်ချတာကို ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီကမ်းလှမ်းမှုဟာ ဘာအသီးအပွင့်မှ မဖြစ်ထွန်းခဲ့ဘူးလို့ ဆိုရမှာပါ။
မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံကို တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ကြောင့် နိုင်ငံဟာ ပြည်တွင်းစစ်နွံထဲကို ကျဆင်းသွားခဲ့ရပါတယ်။ အဲဒီစစ်ပွဲကြောင့် အခုဆိုရင် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရသလို ၅ ဒသမ ၂ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါပြီ။ အာဏာသိမ်းပြီးကတည်းက ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲမှာ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတွေလည်း ပါဝင်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာကတည်းက တောင်းဆိုနေခဲ့ကြတာပါ။ ပြည်သူ့ဆန္ဒမပါဘဲ စစ်တပ်က အာဏာသိမ်းယူတာနဲ့ ဗဟိုကနေ အာဏာတွေ အလွန်အကျွံ ချုပ်ကိုင်ထားတာကို သူတို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်တာဟာ သမ္မတရာထူးကို ရယူပြီးနောက် မင်းအောင်လှိုင်ရဲ့ ပထမဆုံး လုပ်ရပ်တွေထဲက တခုပါ။ ဒါပေမဲ့ ဘယ်သက်ဆိုင်သူကမှ ဒါကို တကယ့် စေတနာမှန်တဲ့ ကမ်းလှမ်းချက်လို့ မမြင်ကြပါဘူး။ မစခင်ကတည်းက ပြီးဆုံးသွားတဲ့ ဒီဆွေးနွေးပွဲကို ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရအပေါ် ဘယ်လောက်တောင် ယုံကြည်မှု ကင်းမဲ့နေသလဲ ဆိုတာကို ပေါ်လွင်စေပါတယ်။ ဒါကြောင့် ဒီအစိုးရဆီကလာတဲ့ ဘယ်လို ငြိမ်းချမ်းရေး ကမ်းလှမ်းချက်မျိုးမဆို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတခု ဘာလို့ မဖြစ်နိုင်ရတာလဲ ဆိုတာကို ဒီဆောင်းပါးမှာ လေ့လာသုံးသပ်သွားမှာပါ။
အာဏာခွဲဝေမှု
ဗဟိုအစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အချိန်အကြာဆုံး အငြင်းပွားနေရတဲ့ ကိစ္စကတော့ ဖက်ဒရယ်စနစ်မှာ အာဏာတွေကို ဘယ်လိုခွဲဝေမလဲ ဆိုတာပါပဲ။ နယ်စွန်နယ်ဖျား ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝပေးမယ်လို့ ကတိပြုထားတဲ့ ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည် မဖော်ပေးခဲ့တဲ့အတွက် တိုင်းရင်းသားတွေဟာ သမိုင်းတလျှောက် မကျေမနပ် ဖြစ်ခဲ့ကြရပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်ပြီး ဗဟိုကနေ အာဏာတွေ အကုန်လုံးကို ချုပ်ကိုင်ထားတဲ့ အတွေ့အကြုံတွေကြောင့်၊ စစ်တပ်နဲ့ အရပ်သားအစိုးရကြား အာဏာတွေကို ရှင်းရှင်းလင်းလင်း ခွဲခြားထားဖို့ သူတို့က တောင်းဆိုလာကြတာပါ။
ဒါပေမဲ့ ဗဟိုမှာရှိတဲ့ အရပ်ဘက်-စစ်ဘက် အုပ်စုကတော့ အာဏာခွဲဝေပေးတဲ့ စနစ်တခု ဆိုရင်တောင်မှ အဓိကအာဏာနဲ့ ထိန်းချုပ်မှုတွေကို ဗဟိုကပဲ ရယူထားချင်ကြပါတယ်။ အထူးသဖြင့် စစ်တပ်က ဒီပုံစံကို အတင်းအကျပ် တောင်းဆိုတတ်ပါတယ်။ ဒါကြောင့်ပဲ အရင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်မရ ဖြစ်ခဲ့ရတာပါ။ ဥပမာပြောရရင်၊ ၂၀၂၀ ပြည့်နှစ်က အရပ်သားအစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ (EAOs) ကြား ချုပ်ဆိုခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စု သဘောတူစာချုပ်မှာ စစ်တပ်က “ခွဲထွက်ခွင့်မပြု” ဆိုတဲ့ အချက်ကို အတင်းထည့်ချင်ခဲ့ပါတယ်။ ပြီးတော့ လက်မှတ်ထိုးထားတဲ့ EAOs တွေကို ကိုယ်ပိုင်ပြည်နယ်တပ်တွေ ဖွဲ့ခွင့်မပေးဘူးလို့လည်း တင်းခံခဲ့ပါတယ်။ ဒီအတွက် သဘောတူညီချက် မရခဲ့ပါဘူး။ ဒီအချက် နှစ်ချက်လုံးဟာ ၁၉၄၇ ခုနှစ်က စာချုပ်ချုပ်ဖို့ ညှိနှိုင်းတုန်းက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အခြေခံအားဖြင့် သဘောတူခဲ့တဲ့ “ပင်လုံကတိကဝတ်တွေ”ထဲမှာ ပါဝင်ခဲ့တာပါ။ ဒါကြောင့် တိုင်းရင်းသားတွေဘက်က အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့ကြရပါတယ်။
ဒီလို အခြေခံကျတဲ့ သဘောထားကွဲလွဲမှုတွေကပဲ ဘယ်လို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုမဆို လမ်းကြောင်းချော်သွားစေဖို့ လုံလောက်နေပါပြီ။ ဒါ့အပြင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ဆွဲနေတယ်၊ ရိုးသားမှုမရှိဘူး ဆိုပြီး လူသိရှင်ကြား စွပ်စွဲခဲ့ပါသေးတယ်။ သူ သမ္မတဖြစ်ပြီးနောက်ပိုင်း ဆက်သွယ်ကမ်းလှမ်းမှုတွေမှာ တောင် EAOs တွေကို “လက်တွေ့ကျဖို့” နဲ့ “မဖြစ်နိုင်တဲ့” တောင်းဆိုမှုတွေကို ရှောင်ရှားဖို့ သူက ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပြည်တွင်းစစ်ကြီး ကြာလာတာနဲ့အမျှ၊ အဲဒီ “မဖြစ်နိုင်ဘူး” ဆိုတဲ့ တောင်းဆိုမှုတွေဟာ တကယ့်လက်တွေ့ ဖြစ်လာခဲ့ပါပြီ။ EAOs အတော်များများဟာ အပြိုင်အစိုးရတွေ ဖွဲ့စည်းပြီး သူတို့ဘာသာ လွတ်လွတ်လပ်လပ် အုပ်ချုပ်လာနေကြလို့ပါ။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် (AA) နဲ့ ရှမ်းပြည်နယ် တချို့နေရာတွေက ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ပဲ ဖြစ်ပါတယ်။ ဒါဟာ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုကြီးလာစေရုံသာမက၊ နှစ်ဖက်စလုံးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လက်တွေ့အခြေအနေတွေကြားက ကွာဟချက်ကိုလည်း ပိုကျယ်ပြန့်သွားစေခဲ့ပါတယ်။
စစ်တပ်အပေါ် ယုံကြည်မှု ကင်းမဲ့ခြင်း
စစ်တပ်နဲ့ EAOs တွေကြားမှာ ယုံကြည်မှု ကင်းမဲ့ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိနေပါတယ်။ ဒါကပဲ အရင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှုပ်ထွေးသွားစေခဲ့တာပါ။
မြန်မာနိုင်ငံမှာ ပြည်တွင်းမတည်ငြိမ်မှုတွေ ဖြစ်နေတာ ကြာပါပြီ။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ အာဏာခွဲဝေရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ကိစ္စတွေကြောင့်ပါ။ ဒီသဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက်၊ အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်မှာ ၂၁ ရာစု ပင်လုံညီလာခံကို စတင် ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရဆီကနေ ရှေ့နောက်မညီတဲ့ လုပ်ရပ်တွေကြောင့် ဒီညီလာခံကြီး နှောင့်နှေးခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက ငြိမ်းချမ်းစွာ ညှိနှိုင်းချင်ပေမဲ့၊ စစ်တပ်ကတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို အတင်းအကျပ် ဖိအားပေးခဲ့ပါတယ်။ စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အပါအဝင် အရပ်သားတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ရက်ရက်စက်စက် ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါဟာ နှစ်ဖက်ကြားက ယုံကြည်မှုကို အကြီးအကျယ် ပျက်ပြားသွားစေပြီး၊ အရင်ကတည်းက ရှိနေတဲ့ စိုးရိမ်စိတ်တွေကို ပိုဆိုးသွားစေခဲ့ပါတယ်။ အရပ်သားအစိုးရ အနေနဲ့လည်း စစ်တပ်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ ပေါ်လွင်သွားတဲ့အတွက် တိုင်းရင်းသားတွေဟာ အစိုးရအပေါ်မှာပါ သံသယဝင်လာခဲ့ကြပါတယ်။
ယုံကြည်မှု ကင်းမဲ့ရတဲ့ နောက်အကြောင်းရင်း တခုကတော့ စစ်တပ်ဟာ သူတို့လုပ်ရပ်တွေကို တရားဝင်အောင်နဲ့ လူအများစုကို နှစ်သိမ့်ဖို့အတွက် ဘာသာရေးကို လက်နက်တခုလို သမိုင်းတလျှောက် အသုံးချခဲ့လို့ပါပဲ။ ဒီလို လူများစုကိုပဲ မျက်နှာလိုက်တာဟာ တိုင်းရင်းသားတွေရဲ့ အခြေခံကျတဲ့ “တန်းတူညီမျှ အခွင့်အရေး” တောင်းဆိုချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အရင်ခေါင်းဆောင်တွေလိုပဲ မင်းအောင်လှိုင်ဟာလည်း သူ့အာဏာကို တရားဝင်အောင် ဘာသာရေးကို အကာအကွယ် ယူခဲ့ပါတယ်။ သူနဲ့ သူ့အစိုးရကို ဘာသာရေးအရ ထောက်ခံမှုရှိတယ်လို့ ထင်ရအောင်၊ နာမည်ကြီး ဘုန်းကြီးတွေနဲ့ သူက အမြဲတမ်း တွဲပေါ်လေ့ရှိပါတယ်။ အဲဒီအထဲမှာ အမျိုးသားရေး အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေလည်း ပါပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေကို သတ်ဖြတ်တာဟာ “လူတွေ မဟုတ်လို့” ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားအောင် ကာကွယ်ပြောဆိုခဲ့တဲ့ သီတဂူဆရာတော်လို ပုဂ္ဂိုလ်မျိုး၊ ပြီးတော့ မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖန်တီးလို့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရဖူးတဲ့ ဝီရသူ လို လူမျိုးတွေ ပါဝင်ပါတယ်။ စစ်တပ်ရဲ့ ဒီလိုလုပ်ရပ်တွေဟာ တိုင်းရင်းသား လူနည်းစုတွေရဲ့ သံသယကို ပိုကြီးလာစေသလို၊ အရင်ကလည်း ပြောင်းပြန် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ- ၁၉၆၁ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြား ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီသတ်မှတ်ချက်ကို ၁၉၆၂ ခုနှစ်ကျမှ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။
၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့မှု၊ အဲဒီနောက်ပိုင်း ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီယုံကြည်မှု ကင်းမဲ့ခြင်းဟာ ဆက်လက် တည်ရှိနေပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာ စစ်အစိုးရဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုကနေ စတင်တဲ့ တိုက်ပွဲတွေနဲ့ ထိုးစစ်တွေ ဆက်ဖြစ်နေတဲ့အတွက် ဘယ်လို ဆွေးနွေးပွဲမှ လုပ်လို့ မရခဲ့ပါဘူး။ အခု လက်ရှိ မိမိကိုယ်ကို 'ဒီမိုကရက်တစ်' အစိုးရလို့ ခေါ်နေတဲ့ အစိုးရဟာ ငြိမ်းချမ်းရေး တံခါးဖွင့်ထားတယ်လို့ ဆိုပေမဲ့ တဖက်မှာ စစ်ရေးထိုးစစ်တွေ ဆက်လုပ်နေတာကြောင့် ဒီသံသယတွေက ရှိနေဆဲပါ။ ၂၀၂၆ ခုနှစ် မေလ တလတည်းမှာတင် စစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အရပ်သား ၇၁ ယောက် သေဆုံးခဲ့ရပါတယ်။ စစ်အစိုးရဟာ တိုင်းရင်းသားနဲ့ ဒေသခံ ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကိုလည်း အကျဉ်းချထားဆဲ ဖြစ်ပါတယ်။
ထွက်ပေါက် ရှိနိုင်မလား
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ကြိုးပမ်းဖို့ အချိန်လွန်နေပါပြီ။ ဒါပေမဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အမြင်မတူမှုတွေကြောင့်၊ စစ်တပ်က ဦးဆောင်ပြီး စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရနဲ့ EAOs တွေကြားမှာ ကြားဝင်ဖျန်ဖြေသူ မပါဘဲ တိုက်ရိုက် ဆွေးနွေးဖို့ဆိုတာ ဝေလာဝေးပါပဲ။
အခုလို မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြိုးပမ်းမှုက မြန်မာနိုင်ငံမှာ ဘယ်နည်းလမ်းတွေက အလုပ်မဖြစ်ဘူးလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်ပြီး၊ တခြား အစားထိုး လမ်းကြောင်းတွေကို စဉ်းစားဖို့ တောင်းဆိုနေပါတယ်။ အာဆီယံ (ASEAN) လို ဒေသတွင်း အဖွဲ့အစည်းတွေအနေနဲ့ တိကျတဲ့ ပန်းတိုင်တွေ ချမှတ်ပြီး မြန်မာ့ပဋိပက္ခမှာ လက်တွေ့ကျကျ ကြားဝင်ဆောင်ရွက်ပေးဖို့ အချိန်တန်နေပါပြီ။ အာဆီယံရဲ့ လက်ရှိ သုံးနေတဲ့ "ထိတွေ့ဆက်ဆံမှု မလုပ်ခြင်း" ဆိုတဲ့ မဟာဗျူဟာက လိုလားစရာကောင်းတဲ့ ရလဒ်တွေ မရခဲ့ပါဘူး။ အဲဒီအစား အဖွဲ့ဝင်နိုင်ငံတချို့က စစ်အစိုးရနဲ့ နှစ်နိုင်ငံချင်း သွားရောက်ဆက်ဆံဖို့ အခွင့်အရေး ရသွားစေပါတယ်၊၊ ဒါဟာ စစ်အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုသလို ဖြစ်သွားစေကာ ပဋိပက္ခကို ပိုပြီး ရှုပ်ထွေးသွားစေပါတယ်။
ဒါကြောင့် ပါဝင်ပတ်သက်သူတွေကြား ယုံကြည်မှု တည်ဆောက်ပေးနိုင်ပြီး၊ နှစ်ဖက်စလုံးကို တာဝန်ခံမှုရှိအောင် လုပ်နိုင်တဲ့ အင်အားရှိတဲ့ စနစ်ကျတဲ့ ကြားဝင်ဖျန်ဖြေမှုမျိုး အရေးတကြီး လိုအပ်နေပါတယ်။
ဖီအိုနာရာဗယ်
Ref: Eurasia Review











