
ကလေးငယ်တွေကြား အဝလွန်ကဲမှုနှုန်း မြင့်တက်လာတာကို ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှာ ကျောင်းတွေရဲ့ ပတ်ဝန်းကျင် မီတာ ၅၀ အကွာအဝေးအတွင်း အဆီနဲ့ သကြားဓာတ်မြင့်တဲ့ အစားအစာတွေ ရောင်းချမှုကို ကန့်သတ်မဲ့ စည်းမျဉ်းသစ်တွေ ချမှတ်ဖို့ စီစဉ်နေပါတယ်။
ဒီစည်းမျဉ်းဟာ အိန္ဒိယနိုင်ငံအတွင်း ကျောင်းပေါင်း ၁ ဒသမ ၄၇ သန်းလောက်ရဲ့ အနီးတဝိုက်မှာ သကြားပါဝင်မှုများတဲ့ အချိုရည်တွေ၊ ဆားငန်တဲ့ အာလူးကြော်တွေကစပြီး အဆီများတဲ့ စမူဆာ၊ ပီဇာနဲ့ ဘာဂါတွေအထိ ရောင်းချနေတဲ့ တနိုင်တပိုင် ဆိုင်လေးတွေ၊ စားသောက်ဆိုင်တွေနဲ့ အစားအစာရောင်းချတဲ့ ဈေးဆိုင်ခန်းတွေအပေါ် သက်ရောက်လာမှာပါ။
ဒီအစီအစဉ်ဟာ ကိုကာကိုလာ၊ မွန်ဒေလက်စ်နဲ့ နက်စ်တယ်လ်တို့လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေအတွက် နောက်ထပ် အတားအဆီးတခု ဖြစ်လာနိုင်ပါတယ်။
ကျောင်းအနီးက အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်စုံဆိုင်ပိုင်ရှင်တချို့လည်း စိုးရိမ်ပူပန်နေကြပါတယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းက ဘူဘာနက်စ်ဝါမြို့မှာ ဆိုင်ရှင်အများအပြားက သူတို့ရဲ့ ရောင်းအား ၃ ပုံ ၁ ပုံ ဒါမှမဟုတ် အဲဒီထက်ပိုပြီး ကျဆင်းသွားနိုင်တယ်လို့ ပြောပါတယ်။
ဒီအပြောင်းအလဲကို ဦးဆောင်နေတဲ့ အိန္ဒိယနိုင်ငံ အစားအစာ ဘေးကင်းလုံခြုံရေးနဲ့ စံချိန်စံညွှန်းသတ်မှတ်ရေး အာဏာပိုင်အဖွဲ့ (FSSAI) ရဲ့ အမှုဆောင်အရာရှိချုပ် ရာဂျစ် ပန်ဟာနီက ကျောင်းတွေမှာ ဘေးကင်းတဲ့စားစရာ ရရှိရေး အစီအစဉ်ဟာ ကလေးတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေကနေ ငယ်ငယ်တည်းက ဝေးကွာစေဖို့ ရည်ရွယ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ စပြီး အဆိုပြုခဲ့တဲ့ ဒီစည်းမျဉ်းတွေအတွက် သတ်မှတ်ထားတဲ့ အချိန်ဇယား အတိအကျ မရှိသေးပါဘူး။
တနိုင်ငံလုံး အတိုင်းအတာနဲ့ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စစ်ဆေး ကြပ်မတ်နေချိန်အတွင်း အာဏာပိုင်အဖွဲ့က ဩဂုတ်လမှာ ကျောင်းတွေထဲနဲ့ ကျောင်းနားတဝိုက်က ရောင်းချမှုကို ကန့်သတ်စေမဲ့ အဆီ၊ ဆားနဲ့ သကြားဓာတ် ပါဝင်မှုပမာဏ ကန့်သတ်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၇ ရက်အထိ ပြည်သူလူထုရဲ့ အကြံပြုချက်တွေကို လက်ခံရယူခဲ့ပါတယ်။
Source: Reuters










