
အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ရဲ့ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်ထားတဲ့အမိန့်က ယိုင်လဲလာပြီး ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၄ ဆမက ပြန်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက တာလီဘန်တွေ ဘိန်းမစိုက်ရ အမိန့်ထုတ်ခဲ့တာကြောင့် ဘိန်းစိုက်ခင်းတွေ ပျောက်ကွယ်သွားခဲ့ပေမဲ့ တရားဝင်သီးနှံတွေက တွက်ခြေမကိုက်တာနဲ့ မိုးခေါင်မှုတွေကြောင့် တောင်သူတွေဟာ သားသမီးတွေကိုတောင် ဝမ်းဝအောင် မကျွေးနိုင်တော့ဘဲ ဘိန်းစိုက်ပျိုးမှုဘက်ကို ပြန်လှည့်လာကြပါတယ်။
UNODC တာဝန်ခံ ပိုလက် အို့က်ဆီရီက “အစားထိုး ဝမ်းစာ မဖန်တီးပေးဘဲ ဘိန်းစိုက်ခင်းတွေကို အရင်ဆုံး ဖျက်ဆီးခဲ့တာ၊ နိုင်ငံတကာ အကူအညီတွေ နည်းသွားတာနဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် တောင်သူတွေ ခက်ခဲကုန်ပြီး ဘိန်းပြန်စိုက်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိကြတော့ဘူး” လို့ ထောက်ပြထားပါတယ်။
ဂြိုဟ်တုဓာတ်ပုံ လေ့လာဆန်းစစ်ချက်တွေအရ အာဖဂန်တနိုင်ငံလုံးမှာ ဘိန်းစိုက်ပျိုးမှုဟာ ဧက ၁၀၇,၀၀၀ ကျော် (ဟက်တာ ၄၃,၃၀၀ ခန့်) ရှိလာပြီး တောင်သူတွေဟာ တာလီဘန်တွေ မမြင်အောင် ဂျုံစိုက်ခင်းတွေနဲ့ ရွှံ့တံတိုင်းတွေ နောက်ကွယ်မှာ ကွယ်ဝှက် စိုက်ပျိုးနေကြတာပါ။
အရင်က သိုလှောင်ထားတဲ့ ဘိန်းလက်ကျန်တွေ ကုန်သလောက် ဖြစ်လာတာနဲ့အမျှ အာဖဂန်နစ္စတန်မှာ ဘိန်းပြန်စိုက်လာကြတာကြောင့် ဥရောပ အပါအဝင် ကမ္ဘာ့မူးယစ်ဆေးဝါး ဈေးကွက်ပေါ် အဓိက သက်ရောက်မှုတွေ ပြန်ရှိလာနိုင်တယ်လို့ UNODC က သတိပေးထားပါတယ်။
တဖက်မှာလည်း တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အာမီရ် ခန်း မွတ်တာကီ ကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟာ သူတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ဖြစ်ကြောင်းနဲ့ ဒီလှုပ်ရှားမှု ရေရှည် အောင်မြင်ဖို့အတွက် တောင်သူတွေအတွက် အစားထိုး ဝမ်းစာရှာဖွေရေး အကူအညီတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ မဖြစ်မနေ လိုအပ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Source: Reuters











