
အာဖဂန်နစ္စတန်နိုင်ငံမှာ စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ကာဘူးလ် အစိုးရက ပြောပါတယ်။
တာလီဘန်အဖွဲ့ရဲ့ အဓိကပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာဟ် မူဂျာဟစ်ကလည်း စက်တင်ဘာ ၂၄ မှာ ကန်ဒဟာ ၊ ပက်တီကာနဲ့ ခို့စ်ထ်ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ အတည်ပြုပါတယ်။
အဲဒီနေ့က ခို့စ်ထ်ပြည်နယ်မှာ ဗုံးကြဲခံရလို့ အိမ်တော်တော်များများ ပျက်စီးခဲ့ပြီး ဒေသခံတွေနဲ့ တာလီဘန် စစ်သားတွေဟာ ဗုံးစတွေနဲ့ မှန်ကွဲစတွေကို လိုက်လံ ရှင်းလင်းနေကြပါတယ်။
အခင်းဖြစ်ပွားရာ ရုပ်သံမှာပျက်စီးနေတဲ့ အိမ်တွေနဲ့ ပဲ့ကျနေတဲ့ သစ်ပင်တွေကို မြင်တွေ့ရပြီး တာလီဘန် စစ်သားတယောက်က မပေါက်ကွဲသေးတဲ့ ဗုံးတွေကို လက်ကိုင် ဗုံးရှာစက်နဲ့ အပျက်အစီးတွေကြား လိုက်လံရှာဖွေနေတာကို တွေ့ရပါတယ်။
တချိန်တည်းမှာပဲ ပါကစ္စတန်ဘက်က အာဖဂန်နစ္စတန်ထဲက ဒရုန်းသိမ်းဆည်းပြီး လွှတ်တင်တဲ့ နေရာ ၁၀ ခုကို လေတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲက တချို့ နေရာတွေကို အရင်နေ့က ပါကစ္စတန်ကို တိုက်ခိုက်ဖို့ သုံးခဲ့တာလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အာသ်တာအူလာဟ် တာရာရ်ကတော့ စက်တင်ဘာ ၂၃ ရက်က အာဖဂန် ပိုင်နက်ထဲကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းတွေကို လေကြောင်းရန် ကာကွယ်ရေးစနစ်ကနေ ထောက်လှမ်းမိခဲ့ပြီး ပစ်မှတ်မရောက်ခင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ X မှာ ရေးသားထားပါတယ်။
တာလီဘန် တာဝန်ရှိသူတွေကတော့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
Source:Reuters










