
ပါကစ္စတန်က အာဖဂန်နစ္စတန်နိုင်ငံအတွင်း အောက်တိုဘာ ၁ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ် ၃ လုံး ထိမှန်ပျက်စီးပြီး လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန် တာလီဘန်အစိုးရက ပြောပါတယ်။
တဖက်မှာလည်း ပါကစ္စတန်အစိုးရက သူတို့ရဲ့တိုက်ခိုက်မှုတွေဟာ အကြမ်းဖက်သမားတွေ ပုန်းနေတဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အကြမ်းဖက်သမား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ၃ လလောက် တည်ငြိမ် အေးချမ်းခဲ့ပြီးတဲ့နောက် အိမ်နီးချင်းနိုင်ငံနှစ်ခုကြား တိုက်ပွဲတွေ ပြန်ပြင်းထန်လာချိန်မှာ ဖြစ်ခဲ့တာပါ။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကူနာနဲ့ ဟဲလ်မန်းဒ် ပြည်နယ်တွေကို တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါတယ်၊ လူ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က X လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။
“ဒီလုပ်ရပ်ဟာ လက်ခံထားပြီးသား မူဝါဒအားလုံးကို ချိုးဖောက်တဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ ရာဇဝတ်မှုတခုအဖြစ် ကျနော်တို့ ရှုတ်ချပါတယ်” လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ ပါကစ္စတန် သတင်းအချက်အလက် ဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုတွေဟာ “ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်” အပေါ် အခြေခံထားပြီး နေရာနှစ်နေရာက အကြမ်းဖက်သမားတွေ ပုန်းအောင်းရာ စခန်းတွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။
ပစ်မှတ်တွေကို အတိအကျ ဖျက်ဆီးနိုင်ခဲ့ပြီး ကနဦးသတင်းတွေအရ အကြမ်းဖက်သမား ၂၂ ယောက် သေဆုံးခဲ့ကြောင်း သိရတယ်လို့ ဝန်ကြီးဌာနက X လူမှုကွန်ရက်ပေါ်မှာ ကြေညာချက်တစောင် ထုတ်ပြန် ဖော်ပြထားပါတယ်။
ပုန်းအောင်းရာ စခန်းတွေမှာ သိုလှောင်ထားတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက် အများအပြား ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာချက်က ဆိုထားပါတယ်။
Source: Reuters










