IS စစ်သွေးကြွတွေ ပါတယ်ဆိုတဲ့ အဖွဲ့တဖွဲ့က ပါကစ္စတန်ကနေ ဖြတ်ကျော်လာပြီးတဲ့နောက် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နူရစ္စတန်ပြည်နယ်မှာ အာဖဂန်တပ်ဖွဲ့ တိုက်ခိုက်ရေးသမား ၂၈ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
ပါကစ္စတန် စစ်သွေးကြွတွေက တိုက်ခိုက်ရေးသမားတွေကို ထောက်ခံခဲ့ပြီး သူတို့အများစုက အာဖဂန်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်ဟောင်းတွေလို့လည်း ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်နဲ့ သတင်းအချက်အလက် ဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ပါဘူး။
ဝန်ကြီးဌာနရဲ့ အစီရင်ခံစာနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ကိန်းဂဏန်းတွေကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။
ပါကစ္စတန်ထောက်လှမ်းရေးက အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေကို လေ့ကျင့်ပေးပြီး နယ်စပ်ဖြတ်ကျော် စေလွှတ်ခဲ့တယ်ဆိုတဲ့ အာဖဂန်အစိုးရရဲ့ ပြောဆိုချက်က လက်နက်ကိုင် ကျူးကျော်ဝင်ရောက်မှုတရပ်မှာ ပါကစ္စတန်အစိုးရက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ တိုက်ရိုက်စွပ်စွဲချက်တခု ဖြစ်လာပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံထဲက စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး ပါကစ္စတန်နိုင်ငံက လေကြောင်းတိုက်ခိုက်ခဲ့အပြီး တပတ်မပြည့်မီမှာ ဒီဖြစ်ရပ် ပေါ်ပေါက်လာတာပါ။
ပါကစ္စတန်နိုင်ငံက သူ့နယ်မြေကို တိုက်ခိုက်တဲ့ တိုက်ခိုက်ရေးသမားတွေကို ခိုလှုံခွင့် ပေးထားတယ်လို့ အာဖဂန်နစ္စတန်ကို အကြိမ်ကြိမ် စွပ်စွဲထားပေမဲ့ အာဖဂန်အစိုးရဘက်က ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
Source: Reuters










