
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အထွက်က MNDAA နဲ့ AA ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၂၉ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က ကားနဲ့ လိုက်တိုက်ပြီး မောင်းပြေးသွားတဲ့ အမျိုးသမီးတယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင်ကားသမားတယောက်က “ဒီနေ့တော့ မူဆယ်အထွက်က ရခိုင်ဂိတ်မှာ ကားသမားတယောက် အရူးထပြီး ရခိုင်စစ်သားတွေကို ကားနဲ့ လိုက်တိုက်လို့ ကားသမားကို လိုက်ပစ်တာ။ လမ်းတောင် ပိတ်သွားတယ်။ မွန်းလွဲ ၂ နာရီခွဲလောက်မှာ လမ်းပြန်ဖွင့်ပေးတယ်” လို့ ပြောပါတယ်။
ကားမောင်းတဲ့ အမျိုးသမီးဟာ ဆေးကြောင်နေတဲ့ပုံပေါက်ပြီး ဂိတ်ဆောင်တခုကိုတောင် ပြားနေအောင် တိုက်သွားတယ်လို့ သူက ပြောပါတယ်။
နယ်စပ်ဒေသခံ အမျိုးသားတယောက်က “သူ ကားမောင်းပြီးတော့ ရခိုင်စစ်သားတွေကို သွားတိုက်တယ်လို့ ပြောတယ်။ သွားတိုက်လို့ ပစ်တာ။ အဲဒီကားသမား အမျိုးသမီးပဲ သေတာ” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်ခံရတဲ့ အမျိုးသမီးကားသမားဟာ လုံထန်ပြည်သူ့စစ်မှာ ခေါင်းဆောင်လုပ်ခဲ့ဖူးတဲ့ ဦးဟန်ဝင်းဆိုသူရဲ့ သားကြီးရဲ့ မိန်းမဖြစ်ပြီး ဦးဟန်ဝင်းရဲ့ သားကြီးဖြစ်သူက မူဆယ်မှာ အကြီးစား ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တယ်လို့ သူက ပြောပါတယ်။
“တရုတ်မလို့ ပြောတယ်။ ရခိုင်စစ်သားနဲ့ စကားသွားများတာတဲ့။ နင်တို့ ဘာလို့ ဒီမှာ လာနေတာလဲ၊ နင်တို့ ဒီမှာ နေရမှာမဟုတ်ဘူး ဆိုပြီး သွားဆူတယ်လို့ ပြောတယ်။ ဆူပြီးတော့ ကားမောင်းပြီးတော့ တိုက်တာတဲ့” လို့ သူက ဆက်ပြောပါတယ်။
အဲဒီအမျိုးသမီးရဲ့ ယောက်ျားရဲ့ ကျားဖြန့်ရုံဟာ မူဆယ်ကနေ နမ့်ခမ်းသွားတဲ့လမ်းဘက်က ပန်ဆေးဆီဆိုင်အနီးမှာ ရှိတယ်လို့ဆိုပါတယ်။
ဒေသခံအမျိုးသမီးတယောက်ကလည်း အဲဒီအမျိုးသမီးဟာ မူးယစ်ဆေးတွေသုံးပြီး အော်ကြီးဟစ်ကျယ် လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတယောက်ကတော့ ကားအရှိန်ပြင်းပြင်းနဲ့ စစ်ဆေးရေးဘန်ကာကို တိုက်သွားလို့ ရပ်ခိုင်းရာမှာ မရပ်ဘဲ ဆက်မောင်းသွားတာကြောင့် တာဝန်ရှိသူတွေက လုံခြုံရေးလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်တားဆီးခဲ့တာဖြစ်တယ်လို့ သိရကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့မှာလည်း မူဆယ်-နမ့်ခမ်းလမ်းမပေါ်က KIA စစ်ဆေးရေးဂိတ်တခုမှာ ကားတစီးကို တားဆီးတာ မရပ်ဘဲ မောင်းပြေးတာကြောင့် လိုက်လံပစ်ခတ်ခံရရာက တခြားကားပေါ်က ကားသမားတယောက် ထိမှန်ပြီး ဒဏ်ရာရသွားခဲ့ပါတယ်။











