
တလလျှင် ကျပ်သုံးသိန်းမျှသာရသော စားသောက်ဆိုင်ဝန်ထမ်းဘဝဖြင့် ကျမ မရပ်တည်နိုင်ခဲ့ပါ။ ကုန်ဈေးနှုန်း ကြီးမြင့်လှသည့် ယနေ့ခေတ်တွင် ဆန်ကြမ်းတပြည် ကျပ် ၆,၅၀၀၊ ကြက်ဥတလုံး ကျပ် ၆၅၀ အထိ ဈေးတက်နေသဖြင့် မိသားစု စားဝတ်နေရေးကို ကာမိအောင် ရုန်းကန်ဖို့ဆိုသည်မှာ ကျမအတွက် လွန်စွာ ခက်ခဲလှပါသည်။ အသက်အရွယ်နှင့် မမျှအောင် ကြီးမားလှသည့် အိမ်၏ ဒုက္ခဝန်ထုပ်ကြီးကို ထမ်းထားရသည့်အခါ ရန်ကုန်မြို့၏ ဇွန်လ မိုးစက်များကြားတွင် လှိုင်သာယာရှိ စားသောက်ဆိုင် ကြမ်းပြင်ကို တိုက်ရင်း၊ ဆယ်တန်းပင် မအောင်သည့် ကျမအတွက် ဒီအလုပ်အပြင် ရွေးချယ်စရာ အလုပ်များ မရှိခဲ့ပါ။ ဆိုင်က အလုပ်အပြင် သူဌေးအိမ်က စားပြီးသား ပန်းကန်များကို ဆေးကြောရင်း ကျမ မောဟိုက်လာရသည်။ မိမိကိုယ်တိုင် မောဟိုက်နေရုံတင်မက အသက်အရွယ်နှင့် မလိုက်အောင် ပင်ပန်းလှသည့် အဝတ်များကို လျှော်နေရသည့် အမေအိုကို ကြည့်ရင်း၊ မောင်လေးကိုလည်း ကျောင်းကောင်းကောင်း တက်စေချင်သည့် အတွေးများဖြင့် အရာအားလုံးကို ပစ်ချပြီး ထွက်ပြေးလိုက်ချင်သည့် စိတ်များလည်း ရက်တိုင်း အတွေးဝင်ခဲ့ဖူးပါသည်။
ထိုစဉ်က ဆိုင်သို့ မကြာခဏ လာတတ်သည့် အန်တီချိုက "တရုတ်ပြည်မှာ လစာပိုကောင်းတယ်၊ နင်တို့ဆို ပိုအဆင်ပြေမှာ။ အလုပ်မလုပ်ချင်ရင်လည်း မိန်းကလေးဆိုတော့ ဟိုမှာ အိမ်ထောင်ပြုလိုက်၊ တင်တောင်းငွေ ရာချီရမယ်၊ ဘဝ အေးဆေးဖြစ်သွားမယ်" ဟု စည်းရုံးလာခဲ့သည်။ မိသားစုကို အငတ်မခံချင်သည့်စိတ်၊ ဒီအတိုင်း မျှော်လင့်ချက်မဲ့စွာ မနက်ဖြန်မရှိဘဲ ကျူးကျော်ရပ်ကွက်မှာ နေမယ့်အစား အရဲစွန့်ပြီး အိမ်ထောင်ပြုလိုက်တာကမှ မိသားစုအတွက် ပိုက်ဆံကျန်မည်၊ ပြီးရင် အမေ့ကို လှိုင်သာယာ မီးခွက်ဈေးမှာ ဆိုင်လေးဖွင့်ပေးချင်သေးသည့် မျှော်လင့်ချက်ဖြင့် ကျမနှင့် သူငယ်ချင်းဖြစ်သူ ဖြူတို့သည် ထိုလမ်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထွက်ခွာမည့်နေ့တွင် အမေက "ငါ မပြည့်စုံလို့ ငါ့သမီးလေး အခုလို အဝေးမှာ အလုပ်သွားလုပ်ရတာပါအေ..." ဟု ဆိုကာ ငိုကြွေးရင်း ဆုများ ပေးနေခဲ့သည်။ မောင်လေးကမူ "မမ အလုပ်ရရင် သူ့အတွက် ကျောင်းဝတ်စုံနဲ့ ကျောင်းအတွက် လိုအပ်တာတွေ ဝယ်ပေးပါ" ဟု ပြောနေခဲ့လေသည်။
အန်တီချိုက မူဆယ်အထိ ကားခနှင့် တည်းခိုစရိတ်များ အကုန်ကျခံမည်ဟု ဆိုသဖြင့် လက်ထဲမှ လုပ်ခလစာ ၃ သိန်းကို အမေ့ထံ အကုန်အပ်ကာ ကျမတို့ မူဆယ်သို့ ထွက်ခွာခဲ့ကြသည်။ "ညီနောင်မဟာမိတ် ၃ ဖော် အုပ်ချုပ်သည့်ဒေသ" ဆိုသည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို လွန်ပြီး မူဆယ်မြို့သို့ ရောက်သည့်အခါ တည်းခိုခန်းတခုတွင် အေးဆေးစွာ တည်းခိုခွင့်ရသဖြင့် ကျမတို့ ရိုးအစွာ ပျော်ရွှင်ခဲ့ကြဖူးသည်။ သို့သော် ထိုအပျော်များ၏ နောက်ကွယ်တွင် "ဂျယ်ဂေါင်ဘက်ကို ခိုးပေါက်ကနေ ခေါ်သွားမယ်" ဆိုသည့် စကားသည် အန္တရာယ်ဆိုးကြီး၏ အစမှန်း ထိုစဉ်က ကျမတို့ မရိပ်မိခဲ့ကြပါ။
နောက်နေ့တွင် နမ့်ခမ်းဘက်မှတဆင့် စက်လှေပေါ်တင်ကာ ကျမတို့ကို ဂျယ်ဂေါင်ဆိုသည့် တရုတ်ပြည်ထဲသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ အခန်းတခုတွင် ကျမတို့ ၅ ယောက်ကို ထားပြီးနောက် "ပွဲစားမမ" ဆိုသူက လာခေါ်ကာ သွေးစစ်စာရွက်များကို တောင်းကြည့်လေသည်။ ထို့နောက် ကွမ်တုန်းဆိုသည့် မြို့သို့သွားမည့် ကားပေါ်သို့ တင်ပေးလိုက်ပြီး၊ ထိုမြို့ရောက်သည့်အခါ အန်တီတယောက်က လာကြိုကာ ကျမကို လက်ထပ်ယူမည့် အမျိုးသား၏ အိမ်သို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့ပါတော့သည်။ ထိုနေ့မှစ၍ သူငယ်ချင်းဖြစ်သူ ဖြူကိုလည်း ကျမ မတွေ့ရတော့ပါ။
"အိမ်သို့ တရုတ်ငွေ ယွမ် ၁၅,၀၀၀ လွှဲပေးလိုက်ပြီး တကြိမ်ကို ၁၅,၀၀၀ ဖြင့် ၃ ကြိမ် လွှဲပေးမည်" ဟု ပွဲစားအန်တီက ကျမကို ပြောပါသည်။ ဒီလိုနှင့် သူတို့ ကျမကို ဝယ်ယူလက်ထပ်လိုက်ကြသည်။ ထိုညမှာပင် လူမဆန်စွာ ပြုကျင့်ခံခဲ့ရသည်။ တရုတ်ဘာသာစကား မတတ်သည့် ကျမသည် ထိုအိမ်အတွင်း၌ မျက်မမြင်တယောက်ကဲ့သို့ ဘာစာမှ မဖတ်တတ်၊ စကားပြောဖော်လည်း မရှိခဲ့ပါ။ ထမင်းစားချိန်၌ပင် နှုတ်မှ မပြောဘဲ လက်ဟန်ခြေဟန်ဖြင့်သာ ထမင်းအတူစားကြသည်။ တရုတ်ဟင်းများသည် ငပိလည်းမပါ၊ ဆားလည်းမပါ၊ အရောင်အဆင်းလည်း မရှိသဖြင့် ကျမအတွက် အစားမဝင်ဘဲ တနေ့ထက်တနေ့ သိသိသာသာ ပိန်ချိလာခဲ့ရသည်။
အထောက်အထား မရှိသဖြင့် ဈေးပင် ထွက်ဝယ်၍ မရခဲ့ပါ။ အိမ်ထောင်ကျသည်ဆိုသော်လည်း စကားပြောဆိုဆက်ဆံခြင်း မရှိဘဲ ဓမ္မတာလာချိန်တွင်ပင် အတူနေရန် ငြင်းဆန်သော်လည်း မရခဲ့ပါ။ တကယ်တော့ ကျမသည် သူတို့အတွက် ငွေဖြင့် ဝယ်ယူထားသည့် ပစ္စည်းတခုမျှသာ ဖြစ်သဖြင့် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အတင်းအဓမ္မ ပြုမူခံရမှုများကြောင့် တလကျော်အကြာတွင် မခံမရပ်နိုင်သည့်အဆုံး ထွက်ပြေးရန် ကြံစည်ခဲ့မိသည်။
နံနက်ခင်းတခုတွင် အိမ်နောက်ဖေးပေါက်မှ တိတ်တိတ်လေး ထွက်ကာ အိမ်ရှိလူများ အလစ်ငိုက်ကို ချောင်းကြည့်နေခဲ့သည်။ ထိုစဉ် အိမ်ရှေ့ခြံတံခါးဖွင့်ပြီး ဝင်လာသည့် အိမ်ရှင်အဘိုး တံခါးမပိတ်နိုင်မီမှာပင် ကျမ ခြေကုန်တင်ကာ ခြေဦးတည်ရာသို့ အတင်းပြေးထွက်ခဲ့တော့သည်။ ချွေးများရွှဲပြီး မောဟိုက်နေသော်လည်း အနောက်သို့ပင် ပြန်မကြည့်ရဲခဲ့ပါ။ ပြန်ဖမ်းမိပါက ပို၍ အနှိပ်စက်ခံရမည်၊ နောက်ဆိုလျှင် ခြံအောက်ပင် မဆင်းရဘဲ အိမ်မွေးတိရစ္ဆာန်ကဲ့သို့ သော့ပိတ်ခံရတော့မည်ကို ကြောက်လန့်သဖြင့် ရှိသမျှအားကုန်ထုတ်၍ ပြေးနေမိခဲ့သည်။
သို့သော် ပြေးလွှားနေစဉ် ဈေးလမ်းတွင် တရုတ်ရဲများက ဖမ်းဆီးကာ အထောက်အထား တောင်းကြည့်သည့်အခါ ကျမတွင် ဘာမျှမရှိခဲ့ပါ။ ထို့ကြောင့် တရားမဝင် ခိုးဝင်မှုဖြင့် စတင် ဖမ်းဆီးခံခဲ့ရသည်။ ငွေကြေးတခုအတွက် ပေးဆပ်လိုက်ရသည်မှာ အမျိုးသမီးတယောက်၏ ဂုဏ်သိက္ခာနှင့် တသက်စာ စိတ်ဒဏ်ရာများသာ ဖြစ်ခဲ့ရသည်။ ရဲစခန်းတွင် ၅ ရက်ကြာ ထိန်းသိမ်းခံရပြီးနောက် လူကုန်ကူးခံရကြောင်း ထုတ်ဖော် မပြောရဲသဖြင့် တရားမဝင် ခိုးဝင်မှုဖြင့် ထောင်ဒဏ် ၆ လ ကျခံခဲ့ရပြီး တရုတ်နိုင်ငံသို့လည်း ၅ နှစ်အထိ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ကာ ပြည်နှင်ဒဏ်ပေး၍ မူဆယ်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည်။
တကယ်တော့ ကျမအဖမ်းခံရစဉ်မှာပင် အန်တီချိုက အိမ်ကို ဖုန်းဆက်ကာ ကျမမှာ တရားမဝင် အလုပ်သွားလုပ်၍ ရဲဖမ်းခံရကြောင်း၊ ရဲစခန်းတွင် ဒဏ်ငွေအဖြစ် ယွမ် ၂၀,၀၀၀ ပေးရမည်ဖြစ်ကြောင်း ခြိမ်းခြောက် လိမ်တောင်းခဲ့သည်။ ထိုအခါ သမီးဖြစ်သူအတွက် ပူပန်လှသည့် အမေသည် အတိုးကြီးဖြင့် ၆၅ သိန်းအထိ ကြွေးချေးကာ ပွဲစားထံ လွှဲပေးခဲ့ရကြောင်း ပြန်ရောက်မှ သားအမိချင်း အမှန်အတိုင်း သိလိုက်ရပါတော့သည်။
မူဆယ်သို့ ရောက်သည့်အခါတွင်လဲ မြန်မာရဲတပ်ဖွဲ့က "မသွားနဲ့ဆိုလည်း နင်တို့က ထပ်သွားမှာပဲမလား၊ ဖုန်းဆက်စရာရှိတာ ဆက်" ဟု ဆိုကာ ပြန်လွှတ်လိုက်ပါတော့သည်။
ကျမလို မြန်မာအမျိုးကောင်းသမီး ပေါင်းများစွာ မည်မျှအထိ ဒုက္ခရောက်ခဲ့ကြပြီးပြီနည်း။ မည်သူ့တွင် တာဝန်ရှိသနည်း။ ပြည်သူက မှားနေသလား၊ မည်သူတွေက မှားနေသလဲဆိုသည်ကို ကျမ မသိပါ။ သို့သော် လဝက ဆိုင်းဘုတ်တွင် "မြေမျို၍ လူမျိုးမပျောက်၊ လူမျိုးမျိုမှ လူမျိုးပျောက်မည်" ဟု ရေးထားသော်လည်း ယခုချိန်ထိ မြန်မာ အမျိုးသမီးများ မည်မျှအထိ မျိုမြိုခံနေရပြီနည်း။ သုတေသန စာရင်းများအရ ၇,၅၀၀ ဟု ကြားသိရသော်လည်း တကယ်တော့ ထိုထက် အဆပေါင်းများစွာ ရှိနေသည်ဆိုသည်ကို ကျမ ကိုယ်တွေ့ အတွေ့အကြုံဖြင့် သိလိုက်ရပါတော့သည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ကုန်ဈေးနှုန်း ပြင်းထန်စွာ မြင့်တက်လာမှုကြောင့် အခုလို ဘဝပျက်ခဲ့ရသည့် အမျိုးသမီးများ မည်မျှအထိ ရှိနေပြီနည်း။
မိသားစုအတွက် ရုန်းကန်ရင်း ကျမကဲ့သို့ ဘဝပျက်ရသည့် အဖြစ်ဆိုးမျိုး နောက်ထပ် မြန်မာမိန်းကလေးများ မကြုံတွေ့ကြရစေရန် ကျမလေးနက်စွာ ဆန္ဒပြုလိုက်ရပါသည်။
သက်တန့်နွေဦး











