တရုတ်-မြန်မာနယ်စပ်၌ ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၇၇,၈၀၀ ထိ တရုတ်ငွေဈေးတက်

တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ငွေဈေးဟာ ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၇၇,၈၀၀ အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နို၀င်ဘာ ၄ ရက်က ယွမ် ၁၀၀ ကို ကျပ် ၇၂,၀၀၀ သာ ရှိခဲ့ပေမဲ့ မြန်မာငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေလို့ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ မူဆယ်မှာ ငွေလဲနှုန်းက ကျပ် ၇၇,၈၀၀ အထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်နဲ့ ထိစပ်နေတဲ့ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ မူဆယ်၊ လောက်ကိုင်မြို့တွေမှာ ယွမ် ၁၀၀ ကို ကျပ်ငွေ ၇၇,၈၀၀ ထိ ဖြစ်နေတာလို့ ဆိုပါတယ်။
မိုင်ဂျာယန်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်က “မနက်က ၅၀၀ လောက် တက်တယ်။ တရုတ်ငွေ ၁၀၀ လဲရင် ၇၇,၈၀၀ လောက်ပေါ့နော်။ မနေ့က လိုအပ်တာ ဈေး၀ယ်နေရင် ၇၇,၃၀၀ ပဲရှိသေးတယ်။ ၈၀,၀၀၀ နီးရင်တော့ မလွယ်ဘူးဆိုတော့ မြန်မာငွေထက် တရုတ်ငွေတွေကို လက်ထဲကိုင်ထားချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာ ၇၀,၀၀၀ စွန်းစွန်း ရပေမဲ့ အခုတော့ ၇၇,၈၀၀ လောက် ဖြစ်နေတာပါ။
နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့က မြန်မာကို အမည်ပျက်စာရင်းကနေ မပယ်ဖျက်ပေးတဲ့ အခြေအနေနဲ့ နောက် စစ်အာဏာရှင်အစိုးရရဲ့ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်ကနေ ကျပ် ဘီလီယံ ၂,၁၀၀ ချေးယူတာကို စစ်အာဏာရှင်လက်အောက်ခံ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်မှာ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းသွားတာ ဖြစ်ပါတယ်။
နယ်စပ်မြို့မဟုတ်တဲ့ ရှမ်းမြောက် ကွတ်ခိုင်၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်ဘက်မှာ တရုတ်ငွေ ၁၀၀ ကို မြန်မာငွေ ၇၆,၈၀၀ လောက် ရှိနေပါတယ်။
မြန်မာငွေတန်ဖိုး ကျဆင်းမှုကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ ငွေလဲမှုအပေါ် သက်ရောက်မှု ကြီးမားပါတယ်။
ပြည်ပကနေ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်ပြီး အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပေါ် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေတွေ မာပြီး မြန်မာငွေ ကျဆင်းနေပြီး နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်သေးလို့ နယ်စပ်ကုန်သွယ်ရေး အခြေအနေအပေါ် ဘယ်လိုသက်ရောက်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။
၂၀၂၁ စစ်အာဏာမသိမ်းခင်က ယွမ် ၁၀၀ မှာ ကျပ် ၂၀,၀၀၀ ကျော်လေးပဲ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ကနေ အခုထိ ၃ ဆကျော် ခုန်တက်သွားတာ ဖြစ်ပါတယ်။
မြန်မာငွေတန်ဖိုး ကျဆင်းမှုကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာကျပ်ငွေထက် ယွမ်ငွေကို အဓိကထား အများဆုံး သုံးစွဲကြပါတယ်။











