
တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၇၀,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလကုန်က ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာမှာ ၇၀,၀၀၀ စွန်းစွန်း ရရှိပေမဲ့ နို၀င်ဘာ ၃ ရက်နေ့မှာတော့ ၇၂,၀၀၀ ပေါက်ဈေးရှိနေတယ်လို့ မြို့ခံအမျိုးသမီး တယောက်က ပြောပါတယ်။
“အာဏာမသိမ်းခင်က ကျမတို့ ကျပ်ငွေတန်ဖိုးက ကောင်းသေးတယ်။ ယွမ် ၁၀၀ မှာ ၂၀,၀၀၀ ကျော်လေးပဲ ရှိခဲ့တာပါ။ အာဏာသိမ်းပြီးနောက်ကနေ အခုထိ ၃ ဆလောက် ခုန်တက်သွားတာပါပဲ။ အခုရက်ပိုင်း ယွမ် ၁၀၀ ကို မြန်မာငွေ ၇၂,၀၀၀ နဲ့ ငြိမ်နေပါတယ်။”
တရုတ်-မြန်မာနယ်စပ် လိုင်ဇာဘက်ခြမ်းမှာတော့ ယွမ် ၁၀၀ ကို မြန်မာငွေ ၇၁,၅၀၀ ကျပ်အထိ ရှိတယ်လို့ CDM ဝန်ထမ်းတယောက်က ပြောပါတယ်။
တရုတ်-မြန်မာ ကုန်သွယ်ရေးအချက်အခြာ ဖြစ်နေတဲ့ မူဆယ်မှာတော့ လက်ရှိ တရုတ်ငွေ ဝယ်ဈေး ယွမ် ၁၀၀ ဟာ ကျပ် ၇၃,၅၀၀ ရှိပြီး ရောင်းဈေး ယွမ် ၁၀၀ ကို ကျပ် ၇၂,၀၀၀ ကျော်အထိ ပေါက်ဈေး ရှိနေတာလို့ မြို့ခံက ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ငွေဈေး တက်လာတာနဲ့အတူ ကုန်ဈေးနှုန်းကလည်း ငွေဈေးအလိုက် ချက်ချင်းဆိုသလို ထိုးတက်လာတာကြောင့် ရှမ်းမြောက်ဘက်မှာ နေထိုင်သူတွေအတွက် အခက်အခဲ ကြုံရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာငွေဈေး ကျဆင်းနေပြီး ထိုင်းဘတ်နဲ့လဲရင် မြန်မာငွေ ၁၀၀,၀၀၀ ကို ၆၉၀ ဘတ် ပေါက်ဈေးရှိပြီး အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးက ၁ ဒေါ်လာကို ရောင်းဈေး ၄,၈၄၀ ကျပ် ဖြစ်ကာ ဝယ်ဈေးက ၄,၇၄၀ ကျပ် ဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ဘတ်ဂျက်လိုငွေပြမှုတွေဟာ ကျပ်ငွေတန်ဖိုးအပေါ် ဖိအားဖြစ်စေနိုင်ပြီး လိုငွေပြမှုကို ဗဟိုဘဏ်က ငွေကြေးထောက်ပံ့မှုနဲ့ ဖြည့်ဆည်းတာမျိုး ရှိလာရင် ငွေကြေးလည်ပတ်မှုပမာဏ တိုးလာကာ ကုန်ဈေးနှုန်းနဲ့ ငွေလဲနှုန်းအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းရတာဟာ နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့က မြန်မာကို အမည်ပျက်စာရင်းကနေ မပယ်ဖျက်ပေးတဲ့ အခြေအနေနဲ့ နောက် စစ်အာဏာရှင်ရဲ့ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်ကနေ ကျပ် ဘီလီယံ ၂,၁၀၀ ချေးယူမယ်လို့ သူ့လက်အောက်ခံ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုလွယ်ကူ အဆင်ပြေစေဖို့ အမေရိကန်ဒေါ်လာအပြင် တရုတ်ငွေကြေး ယွမ်နဲ့လည်း လက်ခံဆောင်ရွက်ပေးသွားမယ်လို့ မတ် ၂၁ ရက်က စစ်အာဏာရှင်ဘက်က သတင်းထုတ်ထားပါတယ်။
မြန်မာငွေ တန်ဖိုးကျဆင်းမှုကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာကျပ်ငွေထက် ယွမ်ငွေကို အဓိကထား အများဆုံး သုံးစွဲကြတာ ဖြစ်ပါတယ်။











