
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ တောချောင်းရွာအနီး၊ မင်းကျောင်းတောတဲ စစ်ဘေးရှောင်စခန်း တွေကို စစ်တပ်က အောက်တိုဘာ ၂ ရက် ညနေမှာ ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသမီးတယောက်က “ညနေ ၄ နာရီ မိနစ် ၄၀ က စတင်ပြီး ဂျက်ဖိုက်တာက အရင်ဆုံး လာပစ်ပြီး ဗုံးကြဲတာ၊ ၅ နာရီအထိ ၃ ပတ်ဝဲပြီး လာပစ်ခတ်ဗုံးကြဲချ သွားတာပဲ။ အဲဒါက ပြန်သွားပြီး နောက်ထပ် Mi17 လေယာဉ် ထပ်ရောက်လာပြီး စက်လက်နဲ့ အပေါ်ကနေ ပစ်တယ်။ ၅ နာရီ ၈ မိနစ်မှာ ပြန်ခေါက်သွားတယ်။ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ သိထားရတယ်။ အဲဒီ နေရာက စစ်ဘေးရှောင်အများစုနေတဲ့ စစ်ရှောင်တောတဲတွေပါ။ အဲဒါကို လာပစ်သွားတာ” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲချလို့ ၃၅ နှစ်ဝန်းကျင် အမျိုးသား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူနဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေသခံ တော်လှန်ရေး ခေါင်းဆောင်တယောက်က “လောလာဆယ်တော့ မောင်လှကို အသက် ၃၅ နှစ် ဝန်းကျင်နဲ့ မောင်တင်လှိုင်ဝင်း ၃၅ နှစ်ဝန်းကျင် ၂ ဦးကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတာ။ သူတို့ နှစ်ယောက်က မယားညီအစ်ကို တော်တာလေ။ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်ဗျ။ သေသလား၊ ရှင်သလားတော့ အတည်ပြုလို့မရ သေးဘူးဗျ။ စစ်ဘေးရှောင်တောတဲစခန်း အများအပြားလည်း ပျက်စီးတယ်။ ကယ်ဆယ်ရေးတွေ ကျနော်တို့ ပြုလုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။
လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် တောတဲစခန်းတွေအပြင် အနီးဝန်းကျင်က ဘုရားစေတီလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယိ။










