
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်လက်အောက်ခံ လေတပ်က နိုဝင်ဘာ ၁၃ ရက်မှာ ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်လို့ ၅ နှစ်အရွယ်ကလေးငယ် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၂ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ယိုးငူရွာနဲ့ သရက်ချိုရပ်ရွာကြားမှာရှိတဲ့ ဗျာလစစ်ရှောင်စခန်းကို မနေ့ည ၇ နာရီလောက်မှာ လေတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။
အခု ဗုံးကြဲခံရမှုမှာ နေရာမှာတင်ပွဲချင်းပြီး ၁၀ ယောက် သေဆုံးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ၂ ယောက် ထပ်မံသေဆုံးသွားတာဖြစ်ကြောင်းနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားပြီး ၅ ယောက်လောက်က စိုးရိမ်ရတယ်လို့ ဒေသခံတွေက ထံကသိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အမျိုးသမီးတယောက်က “အင်တာနက်လာသုံးရင်းနဲ့ ဗုံးချသံကြား လိုက်တယ်။ နီးနီးကပ်ကပ်ကပ်ပဲ။ တကယ်ရင်တွေတုန်တယ်" လို့ ပြောပါတယ်။
အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီကျော်မှာလည်း စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့လို့ စစ်ရှောင် ၆ ယောက် သေဆုံးခဲ့ပြီး ၁၀ ကျော်ဒဏ်ရာရခဲ့ ပါတယ်။
ဗျာလစစ် ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၄၃၉ စုရှိပြီး လူဦးရေ ၁,၅၀၀ ကျော်ခိုလှုံနေကြတယ်လို့ စာရေးဆရာဝေဟင်အောင်ထံက သိရပါတယ်။
ရခိုင်မှာ နိုဝင်ဘာ ၁ ရက်ကနေ ၁၂ ရက်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၇ ယောက် သေဆုံးပြီး ၅၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နိုဝင်ဘာ ၁၃ ရက် AA ထုတ်ပြန်ချက်အရသိရပါတယ်။











