DVB Logo
Home
မြန်မာသတင်း
မင်းပြား(ခ) အဉ္စနပူရမြို့နယ်ကို စစ်တပ် ဗုံးကြဲသဖြင့် တံတား ၁ စင်း ပျက်စီး
DVB
·
November 14, 2026
Photo : CJ
Photo : CJ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြား(ခ) အဉ္စနပူရမြို့နယ်ကို နိုဝင်ဘာ ၁၄ ရက် မနက်မှာ စစ်တပ်က ဗုံးကြဲလို့ တံတားတစင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စွန်ရဲကျေးရွာနဲ့  စွန်ရဲတံတားကို ဒီက‌နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်အစောပိုင်း ၂ နာရီကျော် လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တံတား ပျက်စီး သွားတယ်လို့ မင်းပြားမြို့နယ်က စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။

“စွန်ရဲရွာဝန်းကျင်နဲ့ စွန်ရဲရွာတံတားကို ဗုံး ၂ လုံး ကြဲသွားတာ။ ရွာမှာတော့ အထိအခိုက် မကြားဘူး။ ကွန်ကရစ်ခင်းထားတဲ့ တံတား ပေါက်သွားတယ်”

အဲဒီစွန်ရဲကျေးရွာတံတားဟာ ဝီရဌာနေ(ပေါက်တော)၊ မြေပုံနဲ့ မင်းပြားမြို့တို့ကို ဆက်သွယ်ထားပြီး ကုန်းလမ်းကနေ ဒေသခံတွေ သွားလာကုန်သွယ်နေတဲ့ အဓိကလမ်းမကြီးထက်က တံတားတစင်း ဖြစ်ပါတယ်။

ရခိုင်မှာ နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတာဟာ ဒေသခံပြည်သူတွေအတွက် ကျင့်သားရနေပြီဖြစ်ပေမဲ့ မလိုအပ်ဘဲ အသက်ပေးဆပ်ခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ မြောက်ဦးမြို့နယ်မှာ စစ်ရှောင်နေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတယောက်က ပြောပါတယ်။

“ဗုံးကြဲတာ မကြောက်ဘူးလားဆို ကြောက်တယ်။ ဒါပေမဲ့ ကျင့်သားရနေပါပြီ။ ကိုယ့်ရှေ့မှာတင် မိဘကိုလုပ်ကျွေးနေတဲ့ကလေးတွေ၊ ကျောင်းသူတွေ၊ ကိုယ်ဝန်သည်တွေ ကလေးတွေ သေနေတာကြားရတာ မြင်ရတာတော့ စိတ်ထိခိုက်။ ပြောချင်တာက  ကျန်တဲ့မြို့တွေကို AA က သိမ်းနိုင်ဖို့သာလိုတယ်” 

စစ်တပ်ဟာ နိုဝင်ဘာ ၁၃ ရက် မနေ့ည ၇ နာရီကျော်အချိန်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ဗျာလစစ်ဘေးရှောင်စခန်းကို ပေါင် ၅၀၀ ဗုံးနဲ့ဗုံးကြဲခဲ့တာကြောင့်  စစ်ဘေးရှောင် ၁၂ ယောက် သေဆုံးခဲ့ပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအချိန်ကလည်း မြောက်ဦးမြို့နယ်၊ ကြက်ဈေးရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့  ဒေသခံ ၂ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး ကျန်နေတဲ့ ၃ မြို့နယ်ကိုလည်း ဆက်လက်သိမ်းပိုက်မယ်လို့ AA က ဆိုပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013