
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့သူတွေထဲက သက်ကြီးပိုင်း အမျိုးသား တယောက် ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၄ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံး ၃ လုံး ကြဲချသွားခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် သက်တော် ၄၂ နှစ်၊ ဝါတော် ၂၄ ဝါရှိ ဦးပဉ္စင်း ဦးပညာသီရိ ပျံလွန်တော်မူ ခဲ့သလို အသက် ၅၅ နှစ်အရွယ် ဦးတင်ထွန်းနဲ့ အသက် ၇၀ အရွယ် ဦးအောင်တင့်တို့လည်း ဗုံးစ ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၃၀ အရွယ် အမျိုးသား ၃ ယောက်နဲ့ အသက် ၄၀ မှ ၇၀ ကြား အမျိုးသား၊ အမျိုးသမီး ၈ ယောက်၊ စုစုပေါင်း ၁၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဘုန်းကြီးကျောင်း ပင်မကျောင်းဆောင်ကြီးတဆောင်၊ ရေသန့်စက်ရုံ အပါအဝင် ကျောင်းဆောင် ၅ ဆောင်၊ ဘုရားစေတီ ၃ ဆူနဲ့ ဆိုင်ကယ် ၄ စီးတို့လည်း ပျက်စီးသွားခဲ့ပါတယ်။
စက်တင်ဘာလ ၁၇ ရက်မှာတော့ ဒဏ်ရာရရှိသူတွေထဲက အသက် ၅၆ နှစ်အရွယ် ဦးမြင့်အောင်ဟာ ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးသွားခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ သံဃာ ၁ ပါး နဲ့ အမျိုးသား ၃ ယောက်၊ စုစုပေါင်း ၄ ယောက်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က “ရွာမှာ လူမနေဘဲ ဘေးတောထဲမှာ စစ်ရှောင် နေကြတာပါ။ ရေသန့်စက်ဖွင့်ချိန် မနက်ခင်း တောလုပ်ငန်းပြီးလို့ ရေခတ်၊ ဖုန်းအားသွင်း၊ ထမင်းစား နားချိန် လူစုဝေးနေတုန်း ဗုံးချခံရတာဖြစ်လို့ ထိခိုက်မှု များပြားခဲ့တာ” လို့ ပြောပါတယ်။
အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ နှမစားရစ်ကျေးရွာဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်အာဏာရှင်တပ်ရဲ့ စီးနင်းမီးရှို့မှုကြောင့် ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ပြီး ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ရပါတယ်။ ဒေသခံတွေဟာ နီးစပ်ရာတောတွေထဲမှာ စစ်ဘေးရှောင်နေကြရတာ ၅ နှစ်နီးပါး ရှိနေပြီလို့ သိရပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ နှမစားရစ်ကျေးရွာကို လေကြောင်းကနေ ဗုံးမကြဲခင် မွန်းတည့် ၁၂ နာရီခန့်ကတည်းက ရွှေဘိုမြို့နယ် အနောက်မြောက်ခြမ်းနဲ့ အနောက်တောင်ခြမ်းက ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ ခလရ ၄၂ တပ်ကနေ ဟောက်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း နှမစားရစ်ကျေးရွာမှာ နာရေးပြုလုပ်နေချိန် လက်နက်ကြီး ၃ လုံး ထပ်မံ ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ အရပ်သားပြည်သူတွေနဲ့ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို အထူးသတိပြုကြဖို့၊ လေယာဉ်သံနဲ့ လက်နက်ကြီးသံတွေ ကြားရပါက လုံခြုံတဲ့နေရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။











