
ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့ကနေ ရန်ကုန်၊ မန္တလေးကိုသွားတဲ့ ခရီးသွားကားတွေပေါ်က ပစ္စည်းတွေကို စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွေက အဓမ္မယူဆောင်တာ၊ လူငယ် အမျိုးသား တွေကို တင်းကျပ်စွာ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေနဲ့ ကားသမားတချို့ က DVB ကို ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေရောက်တိုင်း စစ်သားတွေက ခရီးသည်တင်ကားတွေမှာ ပါလာတဲ့ ပစ္စည်းတွေ ကို ဖွင့်ဖောက်စစ်ဆေးပြီး သူတို့လိုချင်တဲ့ ပစ္စည်းတွေတွေ့ရင် ယူတယ်လို့ ဒီလထဲမှာ မြဝတီကနေ ရန်ကုန်ကို သွားခဲ့တဲ့ ခရီးသည်က ပြောပါတယ်။
ကိုယ်တွေ့ကြုံရသူခရီးသည်တယောက်က “ဂိတ်တွေရောက်တိုင်း သူတို့က ကားပေါ်ပါသမျှ အကုန် ဖွင့်ဖောက်စစ်တာ။ စစ်ရင်းနဲ့ သူတို့ကြိုက်တာတွေ တွေ့ရင်ယူထားလိုက်တာ။ တန်ဖိုးကြီးပစ္စည်းတွေ တွေ့ရင်လည်း ယူတယ်။ အင်္ကျီတွေတောင် ယူတယ်။ သူတို့ ဖွင့်ဖောက်မရတဲ့ အိတ်တွေ၊ ဂျပ်ဖာတွေ ဆို အချွန်နဲ့ ထိုးခွဲစစ်တာ။ ပစ္စည်းတွေ အကုန်ပျက်စီးကုန်တာပဲ။ တခါတခါ စစ်ရင် နာရီဝက်လောက် ကြာတယ်။ ဂိတ်တိုင်းနီးပါးပဲ၊ လိုချင်တာတွေ့ရင် ယူနေကြတာ”လို့ ပြောပါတယ်။
၂ နှစ်ကျော် ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိကကျတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပြန်ဖွင့်လှစ်ထားတာ ၂ လဝန်းကျင်ရှိလာချိန်မှာ ခရီးသွားကား တွေလည်း ပုံမှန်ပြေးဆွဲနေသလို ကုန်ကား တချို့လည်း အဲဒီလမ်းပိုင်းက စစ်တပ် စစ်ဆေးရေး ဂိတ်တွေကို ကျပ်သိန်းထောင်ချီ လာဘ်ထိုးပြီး ဖြတ်သန်းနေ ရတာပါ။
မြဝတီ-ရန်ကုန်ပြေးဆွဲနေတဲ့ ကားသမားတယောက်က “လမ်းတလျှောက်လုံးက ဂိတ်တွေအကုန် အစစ်ဆေးကြမ်းတယ်။ သထုံတို့၊ မုပ္ပလင်(ကျိုက်ထို)တို့က ဂိတ်တွေဆို အရမ်းစစ်တာ။ ယောက်ျားလေးတွေက ပိုစစ်ခံရတယ်။ အခုက သက်ကြီးရွယ်အိုတွေပါ စစ်တာ။ ဂိတ်ရောက်လို့ ကားဝမ်းဗိုက်ဖွင့်ပေးလိုက်တာနဲ့ ပစ္စည်းတွေအကုန်ဆွဲချ၊ ဖွင့်ဖောက်စစ်တယ်။ လိုချင်တာတွေ့ရင် ဒီတိုင်းယူထားလိုက်တာ။ ဘယ်သူမှလည်း မပြောရဲဘူးလေ” လို့ ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကုန်စည်ကူးသန်းမှု ခက်ခဲပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို စားသုံးသူ အရပ်သားပြည်သူတွေ ခံကြရတယ်လို့ ငွေကြေးပေးဖြတ်သန်းနေကြရတဲ့ ကုန်သည်တချို့ကလည်း ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ၂ နှစ်ကျော် ပိတ်ထားခဲ့ရပြီး စစ်အာဏာရှင်တပ်က ၂၀၂၅ နှစ်လယ်ပိုင်းမှာ ပြန်လည်ထိန်းချုပ်ခဲ့ကာ ဒီနှစ် ဧပြီ ၂ ရက်က ပြန်ဖွင့် လှစ်ခဲ့တာပါ။










