
မကွေးတိုင်း၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်က အရပ်သားတယောက်ကို သတ်ဖြတ်သွားသလို နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက်က သီးကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဟာ အရပ်သား တယောက်ကို သတ်ပြီးနောက် နိုဝင်ဘာ ၂ ရက်မှာ သီးကုန်းကျေးရွာက စစ်ဘေးရှောင်နေရတဲ့ အရပ်သားနေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “နေအိမ်တွေကို မီးရှို့လို့ ဒေသခံက ဆဲဆိုလို့ ဖမ်းဆီးခံရပြီး နှိပ်စက်တာ အိမ်ပြန်ရောက်မှ သေသွားတယ်လို့တော့ သိထားရတယ်။ စစ်တပ်က ရှိနေသေးတော့ အသေးစိတ် သိရဖို့ မလွယ်ဘူး”လို့ ပြောပါတယ်။
နိုဝင်ဘာ ၂ ရက်မှာပဲ ပေါက်မြို့နယ် ကပစ ၂၄ ကနေ ထွက်လာတဲ့ စစ်တပ် ကားကြီး ၆ စီးနဲ့ အင်အား ၃၀၀ ပါ စစ်ကြောင်းဟာ ဆောမြို့နယ် တပြင်းကျေးရွာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်ကို သွားမှာဖြစ်သလို ဆောမြို့နယ် ကြီးကျေးရွာကို ရောက်နေတဲ့ စစ်ကြောင်းလည်း ဒဏ်ရာရရှိထားတဲ့ တပ်သားတွေကို ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်ကို ပို့ဆောင်မယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်တပ်စစ်ကြောင်း ထိုးလှုပ်ရှားလမ်းပိုင်းတွေဖြစ်တဲ့ “ကြီး-ကျောက်ထု၊ တပြင်း-ကျောက်ထုလမ်းပိုင်း” တွေကို ပြည်သူတွေ ဂရုပြုကြဖို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။











