
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြားထဲကနေ ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ကြိုးပမ်းအားထုတ်နေတဲ့ ကချင်တိုင်းရင်းသူ လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာမဂျာဆိုင်းအင်ကို နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေ ၂၈ ရက်က Stefanusprisen ဆု ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်အာဏာရှင်ရဲ့ ပစ်မှတ်ထား ဖိနှိပ်မှုတွေအကြား အသက်အန္တရာယ်ကို မမှုဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုကြောင့် အခုလို ဆုချီးမြှင့်ခဲ့တာဖြစ်ပြီး လက်ရှိ မြန်မာပြည်ထဲမှာ အကြမ်းဖက်မှု လုပ်ရပ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲလို့ နော်ဝေနိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအော့စ်မွန်က ပြောပါတယ်။
လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေအတွက် ကမ္ဘာကြီးက မမေ့လျော့ထားသင့်ဖို့ကိုလည်း ဆုရွေးချယ်ရေးကော်မတီက ဆရာတော် အင်ဂဲဘောက ပြောကြားခဲ့ပါတယ်။
အဲဒီဆုပေးအပ်ပွဲကနေတဆင့် မြန်မာပြည်မှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် နော်ဝေအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေလည်း ရရှိခဲ့တယ်လို့ Stefanus ဆုရရှိသူ မဂျာဆိုင်းအင်က ပြောပါတယ်။
Stefanus ဆုကို ဘာသာရေးနဲ့ ယုံကြည်မှုလွတ်လပ်ခွင့် အပြင် လူ့အခွင့်အရေး မြှင့်တင်ရာမှာ ထူးချွန်စွာ ပံ့ပိုးကူညီခဲ့သူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုဖြစ်ပြီး ၂ နှစ်ကိုတကြိမ် ဆုရွေးချယ် ချီးမြှင့်နေတာ ဖြစ်ပါတယ်။
အဲဒီဆုကို ၂၀၀၅ ခုနှစ်မှာ Stefanus Alliance International ကနေ ပထမဆုံး စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဆုရရှိသူတွေအနေနဲ့ ဆုနဲ့အတူ ယူရိုငွေ ၁၀,၀၀၀ ကို ချီးမြှင့်ပေးအပ်တာ ဖြစ်ပါတယ်။











