DVB Logo
Home
ဆောင်းပါး
မာရာဒိုနာရဲ့ ဘုရားပေးတဲ့လက်၊​ ဘက်ဟမ်း အနီကတ်နဲ့ အင်္ဂလန်-အာဂျင်တီးနား ခါးသီးပြိုင်ဘက် မကျေပွဲ 
သန်းဝင်းထွဋ်
·
July 13, 2026
မာရာဒိုနာရဲ့ ဘုရားပေးတဲ့လက်၊​ ဘက်ဟမ်း အနီကတ်နဲ့ အင်္ဂလန်-အာဂျင်တီးနား ခါးသီးပြိုင်ဘက် မကျေပွဲ 
Donate to DVB

ဇူလိုင် ၁၅ ရက် အမေရိကန်ပြည်ထောင်စု၊ အတ္တလန်တာကွင်းမှာ ကစားမဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရှုံးထွက်ပွဲမှာ အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ ပြန်ဆုံကြပါတော့မယ်။ ဒီ နှစ်သင်းကြားက အားပြိုင်မှုသမိုင်း နှစ်ပေါင်း ၆၀ ကျော်ကို အကြမ်းဖျင်း သုံးသပ်ကြည့်ရင် အားကစားစိတ်ဓာတ်နဲ့ ဘောလုံးပွဲ အနိုင်အရှုံးသာမက နိုင်ငံရေး၊ အမျိုးသားရေးတွေ ရောထွေးနေတာ တွေ့ရပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အငြင်းပွားစရာတွေ၊ အနီကတ်တွေနဲ့ ပြည့်နှက်နေတာကြောင့် အထူးသဖြင့် အင်္ဂလန် ပရိသတ်တွေအတွက်တော့ မေ့မရနိုင်တဲ့ အမှတ်တရတွေ ရှိမှာပါ။​ 

မက်ဆီအနေနဲ့ သူ့ကစားသမားဘဝမှာ အင်္ဂလန်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရမှာပါ။ အင်္ဂလန်-အာဂျင်တီးနား နှစ်သင်း နောက်ဆုံးဆုံခဲ့ကြတာ ၂၀၀၂ ဆိုတော့ ၂၄ ကြာခဲ့ပြီ။ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားက ချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့ ကြိုးစားနေသလို၊ သောမတ်စ် တူချယ် ဦးဆောင်တဲ့ အင်္ဂလန်ကလည်း ၁၉၆၆ ခုနှစ်ကမ္ဘာ့ဖလား ချန်ပီယန်ဖြစ်ခဲ့တဲ့နောက်ပိုင်း ရှုံးထွက် ကွာတားဖိုင်နယ်လောက်မှာ လှည့်ပြန်ခဲ့ရတဲ့ နှစ်ပေါင်း ၆၀ ကြာ အိပ်မက်ဆိုးကို ကျော်ဖြတ်ချင်ကြမှာပါ။

ဒီနှစ်သင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ၅ ကြိမ် တွေ့ခဲ့ကြပြီး စုစုပေါင်းရလဒ်မှာ အင်္ဂလန်က နိုင်ပွဲမှတ်တမ်းပိုများပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ရှုံးထွက် ပွဲကြီးတွေမှာတော့ အာဂျင်တီးနားက ပိုပြီး မှတ်မှတ်ရရနိုင်ပွဲတွေ ရှိထားပါတယ်။

၁၉၆၂ ခုနှစ် - အင်္ဂလန်နိုင် (၃-၁)၊ ၁၉၆၆ ခုနှစ် - အင်္ဂလန်နိုင် (၁-၀)

၁၉၆၂ ခုနှစ်ကမ္ဘာ့ဖလား ချီလီနိုင်ငံ ရန်ကာဂွါမှာ အုပ်စုအဆင့်အဖြစ် တွေ့ဆုံခဲ့တာဟာ ဒီနှစ်သင်း ပြိုင်ဆိုင်မှုရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲပါ။ အုပ်စုအဆင့်မှာ အင်္ဂလန်က (၃-၁) ဂိုးနဲ့ နိုင်ခဲ့ပြီး ထူးခြားအမှတ်တရ သိပ်မရှိခဲ့ပါဘူး။ 

၁၉၆၆ ခုနှစ် ကွာတားဖိုင်နယ်ရှုံးထွက်ပြိုင်ပွဲမှာတော့ အင်္ဂလန်က (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အကြီးဆုံး ပြဿနာက အာဂျင်တီးနား အသင်းခေါင်းဆောင် အန်တိုနီယို ရာတင်ကို ၃၃ မိနစ်မှာ ထုတ်ပယ်ခဲ့တာပါ။ ဂျာမန်ဒိုင်လူကြီး ရူးဒေါ့ဖ် ခရိုက်လင်က ထုတ်ပယ်လိုက်ပေမဲ့ ဘာသာစကား အခက်အခဲကြောင့် ရာတင်က ကွင်းထဲကမထွက်ပဲ ငြင်းဆန်နေခဲ့လို့ ပွဲကို ၈ မိနစ်နီးပါး ရပ်ထားခဲ့ရတာပါ။​ အခုခေတ်လို အနီကတ် အဝါကတ်တွေ မရှိသေးတဲ့အချိန်ပေါ့။ ကမ္ဘာ့ဖလားပွဲတွေမှာ ဘာသာစကား အခက်အခဲ မဖြစ်ရအောင် လူတိုင်းနားလည်တဲ့ အနီကတ်၊ အဝါကတ်တွေကို ၁၉၇၀ ပြည့်နှစ် မက္ကဆီကို ကမ္ဘာ့ဖလားမှာ စတင်သုံးစွဲဖို့ ဖြစ်လာတာဟာ ဒီပွဲရဲ့ဖြစ်စဉ်တွေကလည်း တွန်းအားတခု ဖြစ်ခဲ့ဖူးပါတယ်။

၁၉၈၆ ခုနှစ် - အာဂျင်တီးနားနိုင် (၂-၁) 

၁၉၈၆ ခုနှစ် မက္ကဆီကိုစီးတီးကွာတားဖိုင်နယ်ပွဲကတော့ ခါးသီးတဲ့ ပြိုင်ဘက် ၂ သင်းအတွက် အထင်ရှားဆုံး အမှတ်တရပွဲတပွဲပါ။ ဗြိတိန်နဲ့ အာဂျင်တီးနားကြားက ဖောက်ကလန်ကျွန်းစစ်ပွဲ ပြီးခါစအချိန် ၄ နှစ်အကြာမှာ ကစားခဲ့တာကြောင့် ဘောလုံးထက် ကျော်လွန်တဲ့ နိုင်ငံရေးနဲ့ အမျိုးသားရေး အဓိပ္ပာယ်တွေ ရောထွေးနေပါတယ်။​ 

အာဂျင်တီးနား ပရိသတ်ရဲ့ နိုင်ချင်စိတ်တွေက ပြင်းထန်ပါတယ်။

စစ်ရှုံးထားတဲ့ အာဂျင်တီးနားရဲ့ မီဒီယာနဲ့ ပရိသတ်တွေက စစ်ပွဲအပေါ် မကျေနပ်မှုကို ဖော်ထုတ်ရမဲ့ပွဲလိုမျိုး သဘောထားခဲ့ကြပါတယ်။ ဗြိတိန်မီဒီယာဘက်ကလည်း အမျိုးသားရေးစိတ်ဓာတ် လှုံ့ဆော်တဲ့ စကားလုံးတွေ သုံးခဲ့တဲ့နောက် နှစ်ဖက် ပရိသတ်ကြား တင်းမာမှုက အတော်လေး ပြင်းထန်ခဲ့ပါတယ်။

ဒီပွဲမှာ ဒီယေဂို မာရာဒိုနာရဲ့ ပထမဂိုးကို လက်နဲ့ ပုတ်သွင်းခဲ့တာမှာ ဒိုင်လူကြီး မမြင်လိုက်တဲ့အတွက် ဂိုးပေးခဲ့ပါတယ်။ မာရာဒိုနာကလည်း နောက်ပိုင်းမှာ ဝန်ခံခဲ့ပြီး "Hand of God" လို့ သမိုင်းတွင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အာဂျင်တီးနားက (၂-၁) ဂိုးနဲ့ အင်္ဂလန်ကို နိုင်ခဲ့တဲ့နောက် ဗိုလ်လုပွဲမှာ အနောက်ဂျာမနီကိုပါ အနိုင်ယူပြီး အဲဒီနှစ် ကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။ မာရာဒိုနာက ၂၀၀၅ ခုနှစ် ရောက်မှ လက်ထိဂိုးအတွက် တောင်းပန်ခဲ့ပေမဲ့ အင်္ဂလန် ပရိသတ်တွေအတွက် ကတော့ အခုချိန်ထိ ဒဏ်ရာကို စမ်းသပ်မိတိုင်း နာကျင်နေမဲ့ အသည်းကွဲ အမှတ်တရ ဖြစ်နိုင်ပါတယ်။

၁၉၉၈ ခုနှစ် - အာဂျင်တီးနား နိုင် (ပင်နယ်တီ ၄-၃)

၁၉၉၈ ခုနှစ် ပြင်သစ်မှာ ကစားတဲ့ ကွာတားဖိုင်နယ် ရှုံးထွက်မှာလည်း ဒီပြိုင်ဘက် ၂ သင်း ပြန်ဆုံကြပြန်ပါတယ်။ အကြိတ်အနယ် ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဒေးဗစ် ဘက်ခမ်း အနီကတ်ပြ ထုတ်ပယ်ခံရတာကိုလည်း သူ့ပရိသတ်တွေ မြင်ယောင်နေကြတုန်းပဲ ဖြစ်နိုင်ပါတယ်။​ 

လူချကစားခံရတဲ့ ဘက်ခမ်းက စိတ်ဆိုးပြီး မြေပြင်မှာလဲကျနေရာက ဒီယေဂို ဆီမြွန်နီကို ခြေထောက်နဲ့ ပြန်ကန်ခဲ့ပါတယ်။ ဆီမြွန်နီက နာကျင်ဟန်ဆောင် လဲကျသွားပြီးနောက် ဘက်ခမ်းတယောက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အင်္ဂလန်က ခြေအသာနဲ့ စကားနေရာကနေ ကစားသမားတယောက် လျော့သွားတဲ့နောက် အချိန်ပိုအထိ တောင့်ခံကစားနိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ကျမှပဲ အာဂျင်တီးနားက အနိုင်ရခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းကတော့ စိတ်လိုက်မာန်ပါ ဖြစ်ရပ်လေးတခုအတွက် ပရိသတ်အဆဲအဆို မုန်းတီးမှုတွေခံရပြီး နှစ်ပေါင်းများစွာ ခါးခါးသီးသီး ပေးဆပ်ခဲ့ရတာပါ။​ 

၂၀၀၂ ခုနှစ် - အင်္ဂလန်နိုင် (၁-၀)

၂၀၀၂ ခုနှစ် ဂျပန်နိုင်ငံ ဆပ်ပိုရိုမှာ ကစားတဲ့ အုပ်စုအဆင့်ပွဲမှာတော့ ၁၉၉၈ ခုနှစ်က အနီကတ်နဲ့ ပင်နယ်တီ အရှုံးကို လက်စားချေတဲ့အနေနဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဘက်ခမ်းက အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်က (၁-၀) ဂိုးနဲ့ နိုင်ပါတယ်။ အင်္ဂလန်က အုပ်စုကနေ တက်နိုင်ခဲ့ပြီး အာဂျင်တီးနားကတော့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို မတက်နိုင်ဘဲ အိမ်ပြန်စောခဲ့ရပါတယ်။ အင်္ဂလန်ကတော့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒင်ဟိုရဲ့ နာမည်ကျော် အဝေးကန်ဘောလက်ချက်နဲ့ လှည့်ပြန်ခဲ့ရပါတယ်။

အနှစ်ချုပ်ကြည့်ရင် အင်္ဂလန်နဲ့ အာဂျင်တီးနား နှစ်သင်းကြားက ခါးသီးတဲ့ အတွေ့အကြုံတွေနဲ့ စိတ်ခံစားမှုတွေဟာ သာမန်ဘောလုံးပွဲပြိုင်ဆိုင်မှုထက် ကျော်လွန်နေဖို့ များပါတယ်။ အာဂျင်တီးနားရဲ့ ဖောက်ကလန်ကျွန်း စစ်ပွဲအရှုံး၊ မာရာဒိုနာရဲ့ အသည်းကွဲ လက်ပုတ်သွင်းဂိုးတွေနဲ့ ဒေးဗစ် ဘက်ခမ်းရဲ့ အနီကတ် ရာဇဝင်ကြွေးတွေဟာ အသင်း ၂ ဖက် ပရိသတ်ကြားမှာ မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်း ပြောပြစရာ အမှတ်တရတွေ ရှိနေနိုင်ပါတယ်။

အားကစားပွဲတွေမှာ နည်းစနစ်၊ စိတ်ဓာတ်၊ သက်လုံ၊ တဦးချင်း အရည်အချင်းနဲ့ ပရိသတ် တွန်းအားတွေ ရှိသလိုပဲ၊ တဖက်မှာလည်း ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ၊ ဟန်ဆောင်လှဲချမှုတွေ၊ အသည်းခွဲအနီကတ်တွေ၊ အမျိုးသားရေးဝါဒ နဲ့ နိုင်ငံရေးနောက်ခံသမိုင်းတွေလည်း ရှိနေတာ ငြင်းလို့မရပါဘူး။ 

အင်္ဂလန်နဲ့ အာဂျင်တီးနားကြားက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲဟာ လက်ရှိ နာမည်ကျော် မက်ဆီ၊ ဟယ်ရီကိန်း၊ ဘယ်လင်ဂမ်တို့ ကြားက အားပြိုင်ပွဲထက်ပိုတဲ့ နှစ်ပေါင်း ၆၀ ကျော် နိုင်လိုက် ရှုံးလိုက် သမိုင်းမှတ်တမ်းတွေ၊ နှစ်ဖက် ပရိသတ် အငြင်းပွားစရာတွေ အရိပ်ထိုးနေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲကြီးပွဲကောင်းတပွဲပါ။

ဇူလိုင် ၁၅ ရက် အင်္ဂလန်-အာဂျင်တီးနားပွဲကို မလွတ်တမ်း စောင့်ကြည့်ဖြစ်ကြမယ် ထင်ပါတယ် DVB ပရိသတ်တွေရော ဒီနှစ်သင်းနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ဘာတွေရှိခဲ့သလဲ၊ ဘယ်အသင်းကို အားပေးမလဲ၊ ဘယ်အသင်းအနိုင်ရပြီး ဗိုလ်လုပွဲတက်မလဲ အမြင်တွေလည်း Comment Box မှာ ရေးသားထားခဲ့ နိုင်ပါတယ်။ 

Ref: BBC Sport

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013