
ဘဝဆိုတာ တခါတရံ ကိုယ့်ကို အကျိုးမရှိစေတဲ့သူတွေ၊ စိတ်ကျစေတဲ့ အရာတွေကို လမ်းခွဲနိုင်ခြင်းဆိုတဲ့ အနက်ပါဝင်နေတယ်လို့ ကျနော်ယုံကြည်ပါတယ်။
အဲဒီလို လမ်းခွဲခြင်းက တိုးတက်မှုအတွက် အရေးကြီးဆုံး အခြေခံအဆင့်တခုအဖြစ် စာရေးသူ ရှုမြင်ပါတယ်။ ကျနော့်ဘဝကို စာကြည့်တိုက်နဲ့ အမြဲတွဲထားလေ့ရှိတယ်။ ရောက်တဲ့နေရာတိုင်းမှာ စာကြည့်တိုက်ဖွင့်ဖို့ ကြိုးစားအားထုတ်မြဲပဲ။
စာကြည့်တိုက်ဆိုတာလည်း ဒီအမြင်နဲ့ ဆင်တူပါတယ်။ စာကြည့်တိုက်ထဲမှာ မလိုအပ်တဲ့ စာအုပ်တွေ၊ အသုံးမဝင်တဲ့ အချက်အလက်တွေကို စွန့်ပစ်ပြီး အသုံးဝင်တဲ့ စာအုပ်တွေ၊ အသိပညာတွေကို စုဆောင်းထားသလိုပဲ ဘဝထဲမှာလည်း ကိုယ့်ကို အကျိုးမရှိတဲ့ အရာတွေကို စွန့်ပစ်ပြီး တန်ဖိုးရှိတဲ့ အရာတွေကိုသာ ထိန်းသိမ်းသင့်ပါတယ်။
အကျိုးရှိစေတဲ့ ဆက်စပ်ချက်
ဘဝအမြင်ဆိုတာ
အကျိုးမရှိတဲ့ အရာတွေကို စွန့်ပစ်နိုင်ခြင်းပါပဲ။
စာကြည့်တိုက်တခုရဲ့ အသုံးဝင်မှုနဲ့ အရေးပါမှုကိုတောင် ပြက်ရယ်ပြုတတ်တဲ့ သူတွေဆီမှာ ကျနော်တို့ ဘာများမျှော်လင့်နိုင်မှာလဲ။
အသိပညာကို စုဆောင်း၊ အကျိုးရှိစေတဲ့ အရာတွေကိုသာ ထိန်းသိမ်းခြင်းဟာ လမ်းခွဲခြင်းကဲ့သို့ တိုးတက်မှုအတွက် အရေးကြီးဆုံးအဆင့် ဖြစ်ပါတယ်။
အကျိုးမရှိတဲ့ အရာတွေကို စွန့်ပစ်ပြီး အသိပညာ၊ အကျိုးရှိတဲ့ ဆက်ဆံရေးတွေကိုသာ ထိန်းသိမ်းတဲ့အခါ ဘဝက စာကြည့်တိုက်တခုလို တန်ဖိုးရှိတဲ့ အရာတွေကိုသာ စုဆောင်းထားနိုင်လာပါမယ်။
ကျနော်စာကြည့်တိုက်ဖွင့်ဖို့ ပြောပြတိုင်း လူကြီးတွေ တော်တော်များများက အဖြစ်ထက်စာရင် အပျက်တွေကိုသာ မြင်ကြ ပြောကြတာ များတယ်။ သူတို့မှာ စာဖတ်ဖို့ တိုက်တွန်းဖို့ နေနေသာသာ သူတို့ကိုယ်တိုင် စာမဖတ်နိုင်ကြဘူး။
သူတို့က အကုန်သိ အကုန်တတ် ကြောင်မျိုးထွန်းတွေကြီးပဲ။ ဘာသာရပ်တခုကို အကျေအလည် ဆွေးနွေးကြည့်လိုက်တဲ့ အခါမှာတော့ သီအိုရီကို ကောင်းစွာနားလည်နေတာမျိုး မတွေ့ရဘဲ ကိုယ်ထင်ရာ အမှန်ကြီးလုပ်ပြီး ဇွတ်ဆရာကြီးလုပ်နေတာက များတယ်။
ကျနော် သူတို့နဲ့ဆို ဆက်ပြီး စကားမပြောချင်တော့ဘူး။ မဆွေးနွေးချင်တော့ဘူး။ အချိန်တွေသာ ကုန်သွားတယ်။ ကိုယ့်မှာ အောင်ပြီ အောင်ပြီဟု သုံးကြိမ် သုံးခါ ရွတ်ဆိုပြီး သကာလ လဲကျသွားလေသတည်း ဆိုသလိုပါပဲ။
ဘာမှမရလိုက်ဘဲ သောကတွေ ဝေဒနာတွေနဲ့ စိတ်ပျက်လက်ပျက်နဲ့ အားလျှော့ နောက်ပြန်ဆုတ်ချင်ပြီး ကျစိတ်တွေသာ ဖြစ်သွားရတယ်။ ဒီနေရာမှာ စာရေးဆရာကြီး ဦးအောင်သင်းကို သွားပြီး ပြေးမြင်မိသလို ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲတွေက ထွက်လာတဲ့ အားနဲ့မာန်နဲ့ အသံတွေကို ပြန်ကြားရောင်မိပြီး ပြန်အားတင်းရပါတယ်။
လူကြီးတွေက လမ်းစုံလမ်းခွတွေမှာ ဓမ္မာရုံတွေဆောက်ကြပြီး တရားခွေတွေကို အသံချဲ့စက်ကြီးနဲ့ အကျယ်ကြီးဖွင့်ပြီး သူတို့ကကျတော့ လက်ဖက်ရည်ဆိုင်မှာ လေပေါနေကြတယ်တဲ့။ နားငြီးတာပဲ ရှိတယ်တဲ့။ ဘာမှာ အကျိုးမရှိဘူးတဲ့။
လူငယ်တွေအတွက် စာကြည့်တိုက်ကျတော့ ဖွင့်ပေးရကောင်းမှန်း မသိဘူးတဲ့။
ဆရာကြီးရဲ့ လူငယ်တွေနဲ့ တိုင်းပြည်အပေါ်မှာ ထားတဲ့ စိတ်စေတနာကို နားလည် ကျေနပ်ရပါတယ်။
ကျနော် နောက်ဆိုရင် ကိုယ့်ကို စိတ်ဓာတ်ကျစေတဲ့ စကားတွေနဲ့ ဧည့်ခံတတ်တဲ့ အိမ်တွေကို ဖြစ်နိုင်ရင် မသွားတော့ဘူး။
ကိုယ့်တန်ဖိုးကို နားမလည်ဘဲ ပေါပေါပဲပဲ အသုံးချချင်တဲ့ ရပ်ဝန်းတွေကနေ ရှောင်တတ်လာတယ်။ ကိုယ့်ကို မကြိုဆိုတဲ့ အရပ်ဒေသကနေ ဆုတ်ခွာဖို့ တုံ့ဆိုင်းမနေတော့ဘူး။
ကိုယ်က ဘယ်လောက်ကောင်းဖို့ ကြိုးစားအားထုတ်ပေးခဲ့ပေမဲ့ သူတို့လိုဘ မပြည့်တော့တဲ့အခါ ကိုယ့်ကို အရေးမလုပ် အဖက်မလုပ်ကြတော့ဘူး။ တချို့ဆို ပေါ်ပေါ်တင်တင် အကြမ်းဖက်တာတွေ၊ ဆဲဆို ဟိန်းဟောက်တာတွေပါ လုပ်လာကြတယ်။
တချို့က မာယာသာဌေယ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ပါ ယုတ်မာဖို့အထိ ပုံဖော်လာကြတာ တွေ့လာရတယ်။
တချို့လူတွေကျတော့ ကိုယ့်ဆီကို လိုအပ်ချက်တခုနဲ့ အူယားဖားယား ရောက်လာတတ်ကြတယ်။ ကျနော်က ပုဂံသားလေ ဧည့်ဝတ်တအားကျေတဲ့ကောင်။ မရှိ ရှိတာ အကုန်ချကျွေးတဲ့ကောင်။ ပုဂံမှာတုန်းကဆို ဧည့်ရိပ်သာပါ ဖွင့်ထားတော့ ညပါအိပ်လို့ရအောင် စီစဉ်ထားတာ။ ပိုက်ဆံမပေးလည်း ဘာမှမဖြစ် ဒီအတိုင်း တည်းလို့ရအောင်ကို စီစဉ်ပေးထားတာ။
အခုတော့ သူများနေရာဒေသရောက်တော့ လူတွေအကြောင်း ကောင်းကောင်းသိရတယ်။ ပိုက်ဆံရှိတဲ့သူဌေးကလည်း ဘတ် ၂၀ လောက်နဲ့ ကိုယ်ကျင့်တရားကို၊ ဖောက်ဖျက်တယ်။ ကိုယ်အဖေ အမေလို့ ခေါ်ပြီး အားကိုတကြီး လုပ်ခဲ့ရတဲ့သူကလည်း ရန်သူလို ပြုမူဆက်ဆံတာ ခံရတယ်။ တလရထဲက ကိုယ့်အချင်းချင်းပဲဆိုတဲ့ လူတွေကလည်း ကလိမ်ကကျစ်လုပ်ပြီး စာကြည့်တိုက်က စတားလင့်စက်ကို သူ့အကျိုးစီးပွားအတွက် ပက်ပက်စက်စက် လိမ်ညာပြီး အောက်ဈေးနဲ့ အတင်းဝယ်သွားတယ်။
မရောင်းပြန်ရင်လည်း ကုတ်တွေထုတ်မရအောင် ညစ်ပတ်ဦးမယ်။ အဆိုးဆုံးကတော့ ကလိမ်ကကျစ် လုပ်သွားတဲ့သူကို အပြစ်မတင်ဘဲ ကိုယ့်အချင်းချင်းကို အလေးထားပြီး ရောင်းပေးလိုက်တဲ့ အလှည့်ဖျားခံလိုက်ရတဲ့ ရိုးရိုးသားသား စာရေးစားနေတဲ့ စာရေးသူ ကျနော့်ကို ဆရာက မှားတာလို့ ပြုံးပြုံးကြီး ပြောရဲတဲ့ လူကြီးသူမဆိုတဲ့သူကလည်း ရှိသေးတာ။
ဘာနဲ့တူလဲဆိုတော့ လှတပတ ဝတ်စားထားတဲ့ ကောင်မလေးတယောက်ကို မြင်ပြီး တဏာရူးတဲ့ကောင်က မုဒိမ်းကျင့်တဲ့အခါ မုဒိမ်းကျင့်သွားတဲ့ကောင်ကို အပြစ်မတင်ဘဲ မုဒိမ်းကျင့်ခံရတဲ့ ကောင်မလေးကို နင်က အနေအထိုင်မတတ်လို့ နင်မှားတယ်ဆိုပြီး မိန်းကလေးကို အပြစ်တင်ကြတဲ့ အရပ်ဒေသလို ကျူးလွန်ခံရသူကိုပဲ အပြစ်တင် အမှားလို့ပြောကြတဲ့ တဝက်တပျက် ဉာဏ်စဉ်မမီတဲ့ လူ့အဖွဲ့အစည်းထဲက ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေနဲ့ တူပါတယ်။
လူတွေဟာ လူတယောက်ရဲ့အကြောင်းနဲ့ ဖြစ်စဉ်တွေကို ဂဃနဏ မသိဘဲနဲ့ ဘေးကနေ မစားရဝခမန်း အသားလွတ် အာချောင်တတ်တဲ့ အလေ့ဆိုးကြီးတွေ ရှိကြပါတယ်။ သူတို့သိပါတယ်ဆိုတဲ့ အစအနလေးကို ဆုပ်ကိုင်ပြီး အာဘောင်အာရင်းသန်သန်နဲ့ ဟုတ်လိနိုးနိုး ဆင်ကန်းတိုးကဲ့သို့ လုပ်နေကြတာပါ။
တကယ်သိသလား ဆိုတော့လည်း လျှောကျသွားတာပါပဲ။ ဘဝအချိုးအကွေ့တွေက ထောင့်တွေစုံပါတယ်။ ဒီထောင့်ဟာ ကျနော်တို့ရဲ့ နိဂုံးမဟုတ်သေးပါဘူး။ ရေတိုမှာ စိတ်ဓာတ် ရေရှည်မှာ သက်လုံပါ။ တနေ့တော့ သက်လုံကောင်းသူတွေဟာ ပန်းတိုင်ကို အရောက်ချီတက်နိုင်မယ်ဆိုတာ ယုံပါတယ်။ ဘဝဆိုတာ ကိုယ်ကအရှုံးပေးမှသာ တကယ်ရှုံးတာပါ။ ကိုယ်က အရှုံးမပေးသေးသ၍ ဘယ်တော့မှ မရှုံးပါဘူး။











