DVB Logo
Home
ဘောလုံး
ဘရူနိုဖာနန်ဒက်စ် ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးကစားသမားဆု ရရှိ
DVB
·
May 24, 2026
Photo: REUTERS/Phil Noble
Photo: REUTERS/Phil Noble
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးကစားသမားဆုကို မေ ၂၃ ရက်က ရရှိခဲ့ပါတယ်။

သူဟာ ယူနိုက်တက်အသင်းကို အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရောက်ရှိလာအောင် ဦးဆောင်ပေးနိုင်ခဲ့သလို၊ ရာသီကုန်ဖို့ တပွဲအလိုမှာ လိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးပေးနိုင်မှု စံချိန်ကို လိုက်မီနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဖန်တီးပေးနိုင်မှု အကြိမ် ၂၀ ထိ ရှိခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်ရီနဲ့ မန်ချက်စတာ စီးတီးကွင်းလယ်ဖန်တီးရှင်ဟောင်း ကီဗင်ဒီဘရိုင်းတို့ ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ် ဂိုးဖန်တီးပေးမှု စံချိန်ကို တန်းတူလိုက်မီခဲ့တာပါ။

ပေါ်တူဂီလက်ရွေးစင်ကစားသမား ဖာနန်ဒက်စ်ဟာ သွင်းဂိုး ၈ ဂိုး သွင်းယူထားပြီး ယူနိုက်တက်အသင်းကို တတိယနေရာနဲ့ ရာသီသိမ်းကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေဖို့ ကူညီနိုင်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်နဲ့အတူ ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဆုရ ၃ ယောက် ဖြစ်တဲ့ ဂါဘရီယယ်၊ ဒေးဗစ်ရာယာနဲ့ ဒက်ကလန် ရိုက်စ်၊ မန်ချက်စတာစီးတီးက အာလင်းဟာလန်းနဲ့ အန်တွိုင်း ဆီမင်ညို၊ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်ကစားသမား မော်ဂန်ဂစ်ဘ်စ်-ဝှိုက်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဂေါ်သီယာဂိုတို့ ပါဝင်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ အခွင့်အရေးဖန်တီးမှု ၁၃၂ ကြိမ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားကွက်ဖန်တီးရှင် အဖြစ် ထင်ရှားစေခဲ့ပါတယ်။

ဒုတိယအများဆုံး ဖန်တီးနိုင်သူမှာ လီဗာပူးလ်ကစားသမား ဒိုမီနစ် ဆိုဘိုဇ်လိုင်းဖြစ်ပြီး အခွင့်အရေး ၈၉ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ ဖာနန်ဒက်စ်ဟာ Football Writers' Association ရဲ့ အမျိုးသားတနှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပြီး၊ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ Sir Matt Busby Player of the Year ဆုကိုလည်း ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းနဲ့ ဒီရာသီနောက်ဆုံးပွဲ ကစားရမှာဖြစ်ပြီး၊ ဒီပွဲမှာ သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးတဲ့ စံချိန်သစ်တင်နိုင်မဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013