
ဆူဒန်နိုင်ငံ အယ်လ်အိုဘိုက်ဒေသမှာ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ စွဲချက်တွေကို အရေးပေါ်စုံစမ်းဖို့ စစ်ဆေးရေးဌာနကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဇူလိုင် ၆ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF)တို့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို ရှုတ်ချတဲ့ အဆိုတရပ်ကိုလည်း အတည်ပြုခဲ့ပါတယ်။
အယ်လ်-အိုဘိုက်ဒေသတဝိုက်မှာ ကပ်ဘေးဆိုက်လာနေပြီး အနားက ဒေသမှာ အကျဉ်းချုံး ကွပ်မျက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုပုံစံတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မှတ်တမ်းတင်ထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတာ့ခ်က ဇူလိုင် ၃ ရက်မှာ သတိပေးခဲ့ပါတယ်။
RSF ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကြာကာလ ပြည်တွင်းစစ်အတွင်း ဒီလို အလွဲသုံးစားလုပ်ရပ်တွေကို ငြင်းဆိုခဲ့တာပါ။
မှတ်တမ်းတွေကို သူ့ရန်သူတွေက ဖန်တီးခဲ့တာဖြစ်ပြီး သူတို့အပေါ် တန်ပြန်စွပ်စွဲခဲ့တာလို့လည်း ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိပ်တန်းအရာရှိ တွမ်ဖလက်ချာက RSF အကြီးအကဲ မိုဟာမက် ဟမ်ဒန် ဒါဂါလိုနဲ့ တယ်လီဖုန်း ပြောရာမှာ တိုးလာနေတဲ့ ရန်လိုမှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတက်ဖင် ဒူဂျာရစ်က ဇူလိုင် ၆ ရက်က သတင်းထောက်တွေကို ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတွေ ဘေးကင်းကင်း ဝင်ရောက်နိုင်ရေးနဲ့ အရပ်သားတွေ ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ရေး သေချာဖို့ လိုတယ်လို့ ဖလက်ချာက အလေးပေးပြောကြားခဲ့ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်မှုတွေက အရပ်သားတွေနဲ့ သူတို့ကို မှီခိုနေရတဲ့ အခြေခံအဆောက်အအုံတွေကို ထိခိုက်စေလို့ စိုးရိမ်ပူပန်တယ်လို့ ဒူဂျာရစ်က ပြောပါတယ်။
ကုလသမဂ္ဂ ဌာနေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဒန်းနစ်စ် ဘရောင်းကတော့ အကူအညီပေးရေးတုံ့ပြန်ရာမှာ မိတ်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ တိုက်ခိုက်မှုတွေက အရပ်သားတွေအပေါ် သက်ရောက်မှုကို အကဲဖြတ်ဖို့ တနင်္ဂနွေနေ့မှာ အယ်လ်-အိုဘိုက် ဒေသဆိုင်ရာ လုပ်ငန်းတာဝန်တရပ်ကို အပြီးသတ်ခဲ့တယ်လို့ ပြောပါတယ်။










