DVB Logo
Home
မြန်မာသတင်း
မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားမည်
DVB
·
November 11, 2026
မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားမည်
Donate to DVB

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကယ်လီကာရီ ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့သူတွေရဲ့ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ဖို့ နိုဝင်ဘာ ၁၁ ရက် ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၈ ရက်ကြာခရီးစဉ် စတင်လိုက်ပါတယ်။

နိုဝင်ဘာ ၁၈ ရက်မှာ ကုန်ဆုံးမဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်နေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံရေးဆိုင်ရာ ရိုက်ခတ်မှုတွေကို အဓိကထားလေ့လာမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး ဒေသခံတွေဟာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ၊ နယ်စပ်က ကော့ဇ်ဘဇားနဲ့ ဘာဆန်ချာမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ရဲ့ ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေကို အထူးအလေးထား သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း မစ္စကယ်ရီဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိကြီးတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေ၊ ဆိုးရွားတဲ့ လုပ်ရပ်တွေကို ခံခဲ့ရတဲ့သူတွေနဲ့ လွတ်မြောက်လာသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်မှာ ဒါကာမှာရှိတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ပါဝင်သလို ကော့ဇ်ဘဇားခရိုင်နဲ့ ပတ်ဝန်းကျင်က ဒုက္ခသည်စခန်းတွေကို ကွင်းဆင်းစစ်ဆေးဖို့လည်း ပါဝင်ပါတယ်။

မစ္စကယ်ရီဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့လည်း တရားဝင် တောင်းဆိုခဲ့ပေမဲ့ စစ်အာဏာရှင်အစိုးရဘက်က “ခရီးစဉ်အတွက် အဆင်မသင့်သေးဘူး” လို့ အကြောင်းပြန်ခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေကို အကျဉ်းထောင်တွေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို စစ်ဆေးခွင့် ပိတ်ပင်ထားတဲ့ ကာလရှည်ကြာ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်နေတာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ဟာ နိုဝင်ဘာ ၁၈ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂရုံးမှာ တရားဝင် သတင်းစာရှင်းလင်းပွဲနဲ့ သူ့ရဲ့ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း စုဆောင်းရရှိခဲ့တဲ့ တွေ့ရှိချက်တွေနဲ့ သက်သေထွက်ဆိုချက်တွေဟာ ၂၀၂၇ ခုနှစ် မတ်လမှာ ဂျီနီဗာမှာကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြမဲ့ အထူးကိုယ်စားလှယ်ရဲ့ တရားဝင်အစီရင်ခံစာအတွက် အခြေခံဖြစ်လာမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး အခုလအတွင်း စီရင်ချက်ချဖို့ ရှိနေချိန်မှာ အထူးကိုယ်စားလှယ်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  ရိုဟင်ဂျာ  ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013