
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကိုဗစ်ကာလက နှာခေါင်းစည်း Mask နဲ့ အသက်ရှူစက် ဝယ်ယူခဲ့မှုမှာ လိမ်လည်မှုတွေ ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့အတွက် အခွန်အာဏာပိုင်တွေက နေရာတော်တော်များများကို ဝင်ရောက်စီးနင်းခဲ့ပြီး လူတချို့ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာ ၂၇ ရက် ညဉ့်နက်ပိုင်းမှာ အမျိုးသားအခွန်နဲ့ အကောက်ခွန်အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ခဲ့တဲ့ ဝင်ရောက်စီးနင်းမှုတွေဟာ အရင် ဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန် လက်ထက် ၂၀၂၀ ပြည့်နှစ်တုန်းက ဟန်ဂေရီသုံး ဖိုရင့်ငွေ ဘီလီယံ ၃၀၀ (အမေရိကန်ဒေါ်လာ ၉၁၀ သန်း) တန်ဖိုးရှိ အသက်ရှူစက် ၁၇,၀၀၀ နီးပါး ဝယ်ယူခဲ့ရာမှာ လိမ်လည်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်မှာ တရားလိုရှေ့နေတွေဆီ တိုင်ကြားခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး အာနီတာအော်ဘန်က ဝန်ကြီးဌာနအနေနဲ့ တကယ်တမ်း သုံးလို့မရပဲ ပိုလျှံနေတဲ့ အသက်ရှူစက် ထောင်ပေါင်းများစွာကို ဈေးတင်ပြီး ဝယ်ခဲ့ရကြောင်း၊ အဲဒီပစ္စည်းအများစုဟာ အခုချိန်ထိ ဂိုဒေါင်တွေထဲမှာပဲ ရှိနေတုန်းပဲလို့ ပြောကြားခဲ့ဖူးပါတယ်။
အင်္ဂါနေ့မှာတော့ အခွန်အာဏာပိုင်တွေက နေရာအများအပြားကို မိုးမလင်းမီ ဝင်ရောက်စီးနင်းခဲ့ပြီး သံသယရှိသူ ၁၁ ယောက်ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဥရောပဖမ်းဝရမ်းနဲ့ ဩစတြီးယားနိုင်ငံမှာ တယောက်ကို ဖမ်းဆီးခဲ့သလို၊ နောက်ထပ် ၂ ယောက်ကိုလည်း ထိန်းသိမ်းထားပါတယ်။
ဒါ့အပြင် ဒီလိမ်လည်မှုကွန်ရက်ရဲ့ ဦးဆောင်သူလို့ ယူဆရပြီး အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်နေတယ်လို့ ယုံကြည်ရသူအတွက်လည်း နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။
အခွန်အာဏာပိုင်တွေရဲ့ အဆိုအရ သံသယရှိသူတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံကနေ အသက်ရှူစက် ၈၀၀ နဲ့ ဆေးဘက်ဆိုင်ရာ မျက်နှာဖုံး ၃ သန်းကို ဖိုရင့်ငွေ ၁၅ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၃၁ သန်း) နဲ့ ပံ့ပိုးပေးဖို့ သဘောတူခဲ့ကြတာပါ။
အဲဒီအဖွဲ့ဟာ တကယ်တမ်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမရှိတဲ့ ဟန်ပြကုမ္ပဏီအတု ကွန်ရက်ကို အသုံးပြုခဲ့ပြီး၊ တန်ဖိုးမြှင့်အခွန် (VAT) ပေးဆောင်ရမှုကို လျှော့ချဖို့အတွက် ငွေတောင်းခံလွှာအတုတွေကို ထုတ်ပေးခဲ့ကြတယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီလုပ်ရပ်ကြောင့် နိုင်ငံတော်ဘတ်ဂျက်မှာ ဖိုရင့် သန်း ၆၆၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉ သန်း) နစ်နာဆုံးရှုံးခဲ့ရပါတယ်။
အခွန်အာဏာပိုင်တွေကတော့ ဒီအမှုကို ဘတ်ဂျက်လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ တခြားပြစ်မှုတွေအတွက် ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုကလည်း စျေးတင်ရောင်းချတာတွေနဲ့ စက်ပစ္စည်းတွေကို တကယ်တမ်း သုံးလို့ ရ မရ မေးခွန်းထုတ်စရာ ဖြစ်နေတာတွေအပါအဝင် စီမံခန့်ခွဲမှု အားနည်းချက်တွေနဲ့ ပတ်သက်ပြီး သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
Source: Reuters











