ကဗျာဆရာ မင်းဘုန်းနိုင် အသတ်ခံရမှု စုံစမ်းစစ်ဆေးပေးရန် တောင်းဆို

ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အသတ်ခံလိုက်ရတဲ့ CDM အရာရှိဟောင်း ကဗျာဆရာ မင်းဘုန်းနိုင် (ခေါ်) Plug X ရဲ့ ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးပေးဖို့ ကရင်နီပြည်ရှိ အဖွဲ့အစည်းတွေထံ တိုင်ကြားစာ ပေးပို့ထားပေမဲ့ ရက်သတ္တပတ်ကြာတဲ့အထိ တရားဝင် အကြောင်း ပြန်ကြားတာ မရှိသေးဘူးလို့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။
ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ကဗျာဆရာ မင်းဘုန်းနိုင် (ခေါ်) Plug X ဟာ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းနေသူဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း ရဟန်းဝတ်ခဲ့ပြီးနောက် မယ်စဲ့မြို့နယ်ဘက်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် နေရပ်ရှိ မိသားစုထံ ပြန်ဖို့အတွက် မယ်စဲ့ကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို သင်္ကန်းဝတ်နဲ့ ပြန်လာစဉ် လမ်းခုလတ်မှာ စီးနင်းလာတဲ့ကား ချို့ယွင်းသွားတာကြောင့် ခြေလျင် ဆက်လက် လျှောက်လှမ်းလာရာကနေ ကန့်သတ်နယ်မြေလမ်းပိုင်းထဲ မှားယွင်း ဝင်ရောက်မိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလမ်းပိုင်းမှာ စောင့်ကြပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးရာကနေ အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားပြီး ဖမ်းဆီးခံခဲ့ရတာပါ။
နိုဝင်ဘာ ၁၈ ရက်မှာတော့ ကရင်နီပြည်ရဲဌာန (KSP) အချုပ်ခန်းအတွင်း ထိန်းသိမ်းခံထားရတုန်း လက်နက်ကိုင်အဖွဲ့တခုက လာရောက်စစ်ဆေးရာကနေ ရိုက်နှက်လက်လွန်ပြီး သေဆုံးသွားခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်နေပေမဲ့ ဒီဖြစ်စဉ် အသေးစိတ်ကိုတော့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
နိုဝင်ဘာ ၁၈ ရက်မှာ ကဗျာဆရာ မင်းဘုန်းနိုင် အသတ်ခံလိုက်ရတဲ့ သတင်းကို ကြားသိရပြီးနောက် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မင်းဘုန်းနိုင်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ကရင်နီပြည်ရှိ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးထံ စာမျက်နှာ ၈ မျက်နှာပါ တိုင်ကြားစာတစောင် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကောင်စီဝင်များ၊ တရားရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးဌာန၊ ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်နီတပ်မတော် (KA) စတဲ့ အဖွဲ့အစည်းတွေကို လိပ်မူ ပေးပို့ခဲ့တာပါ။
အဲဒီတိုင်ကြားစာထဲမှာ ကိုမင်းဘုန်းနိုင် သေဆုံးခဲ့တဲ့ နေ့ရက်၊ အချိန်နဲ့ နေရာတို့ကို ၄၈ နာရီအတွင်း မိသားစုထံ အကြောင်းကြားပေးဖို့၊ ရုပ်အလောင်း ပြန်လည်ရရှိရေး ဒါမှမဟုတ် အခင်းဖြစ်တဲ့ နေရာအတိအကျ သိရှိရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးရေးတို့ကို တောင်းဆို ထားပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိ အရိုးပြာကိုသာ ပြန်လည်ရရှိထားပြီး ဘယ်အဖွဲ့အစည်းကမှ တရားဝင် ပြန်လည်ဆက်သွယ်လာတာ မရှိသေးဘူးလို့ တိုင်ကြားစာပေးပို့ခဲ့တဲ့ ကိုမင်းဘုန်းနိုင်ရဲ့ မိတ်ဆွေ တယောက်က ပြောပါတယ်။
“အခု စာပို့ထားတာ ၇ ရက်ကြာသွားတဲ့အထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်ဆိုပြီး informally ပြန်ပြောလာတာကလွဲလို့ ကျနော်တို့က မင်းဘုန်းနိုင် ဘယ်ရက်၊ ဘယ်အချိန်မှာ ဆုံးတယ် ဆိုတာတောင် မသိရသေးပါဘူး။”
အသတ်ခံလိုက်ရတဲ့ ကဗျာဆရာ မင်းဘုန်းနိုင် အတွက် အမှန်တရား ဖော်ထုတ်ပေးဖို့နဲ့ သူ့ရဲ့ကိုယ်စား အသံထွက်ပေးနိုင်ဖို့အတွက် ကဗျာဆရာ အသိုက်အဝန်းကြားမှာလည်း ကဗျာရွတ်ဆိုပွဲနဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှု အစီအစဉ်တွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ကဗျာဆရာ ဂနိုက်က ပြောပါတယ်။
“ကျနော်တို့က ကိုယ်စား ကျနော်တို့အသံတွေ ထွက်ပေးတဲ့အနေနဲ့ သူ ရေးသားခဲ့တဲ့ ကဗျာတွေကို ကျနော်တို့တွေ ဝိုင်းပြီး ရွတ်ကြမယ်ဆိုတဲ့ ဟာလေးနဲ့ ကျနော်တို့ လုပ်ဖို့ စီစဉ်ထားတာလေးတွေ ရှိတယ်။ အဲဒီအပြင်မှာ ကျနော်တို့ ဘာလုပ်မလဲဆိုတော့ ဒီအစီအစဉ်မှာပဲ ကျနော်တို့တွေ ဝိုင်းပြီးတော့ ဟို ကျနော်တို့စိတ်ထဲမှာ ရှိတဲ့ဟာတွေကို စာရွက်အလွတ်မှာပဲဖြစ်ဖြစ် လက်မှတ်ထိုးပြီးတော့ ရေးချင်တာရေး၊ ကျနော်တို့ ပြောချင်တာတွေပေါ့လေ၊ ပြောချင်တာတွေ ပြောပြီးတော့ ပြီးရင် လက်မှတ်တွေ ထိုးပြီးတော့ ကျနော်တို့ ဒီ လက်ရှိ ဒီ စုံကော်... စုံကော် ဖွဲ့နေတာပေါ့လေ၊ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့နေတာ ရှိတယ်။ အဲဒီ ကျနော်တို့ ကြားကာလ ကရင်နီပြည်နယ် အစိုးရကိုပဲဖြစ်ဖြစ် ဒီဘက် အမျိုးသားညီညွတ်ရေးအစိုးရကိုပဲဖြစ်ဖြစ် ကျနော်တို့တွေ ဘယ်လိုပြောမလဲ တောင်းဆိုတဲ့ အရွေ့တခု လုပ်ပေးဖို့ စီစဉ်ထားတာတော့ ရှိတယ်။ အဲဒါက လောလောဆယ်ထိတော့ ကျနော်တို့ စီစဉ်ဆဲပဲလို့ ပြောရမယ် ထင်တယ်ဗျ။”
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားခွန်အောင်ကို DVB က ဆက်သွယ်မေးမြန်းရာမှာတော့ စုံစမ်းမှုတွေ လုပ်နေပါတယ်လို့သာ ပြန်လည်ဖြေကြားထားပါတယ်။
ကဗျာဆရာ မင်းဘုန်းနိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိ ရာထူးကို စွန့်လွှတ်ကာ CDM ပြုလုပ်ခဲ့သူ ဖြစ်သလို မြို့ထဲကို စစ်ကားတွေ ဝင်လာပြီးကတည်းက ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေ ရောင်းချပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ပေးခဲ့သူလည်း ဖြစ်ပါတယ်။
မောရစ်











