
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကို စစ်အာဏာရှင်ရဲ့ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်မှုမြင့်တက်နေကြတယ်လို့ ပြောပါတယ်။
ရမ်းဗြဲမြို့နယ် စကုကျွန်းအနီးမှာရှိ ရေတပ်သင်္ဘောတွေက ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ တောင်ကုတ် မြို့နယ်ရှိ ကလိန်းတောင်ကျွန်းနဲ့ ဖောင်းခါးကျွန်းတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် နေတာလို့ တောင်ကုတ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အရပ်သားတွေတော့ ထိခိုက်မှု မရှိကြသေးပေမဲ့ ဒေသခံတချို့ကတော့ ဘေးလွတ်ရာကို တိမ်းရှောင် နေကြတာတွေတော့ရှိကြတယ်။ စစ်တပ်သင်္ဘောတွေ ရောက်ရှိလာတာကြောင့် ဒေသခံတွေလည်း ရေလမ်းတွေကို အသုံးပြုလို့ မရတော့ဘူး။”
ရေတပ်သင်္ဘောတွေဟာ ရမ်းဗြဲမြို့နယ်ကို ဧပြီ ၁၂ ရက် ကတည်းက ရောက်ရှိလာကြတာဖြစ်ပြီး ဒေသခံ ငါးဖမ်းသမားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိပါတယ်။
ရခိုင်ကမ်းရိုးတန်းကို ရေတပ်သင်္ဘောတွေ အင်အားဖြည့်တင်းပြီး နှောင့်ယှက်တိုက်ခိုက်ဖို့ ကြိုးပမ်း နေတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။
ရခိုင်စစ်ရေး စောင့်ကြည့်နေတဲ့သူတယောက်က “စစ်ကောင်စီက ရခိုင်က ဆုံးရှုံးမြို့နယ်တွေကို ပြန်ရဖို့ ကြိုးပမ်းလို့ မရတဲ့အခါ ရေတပ်ကနေတဆင့် နှောင့်ယှက်နိုင်ဖို့နဲ့ ဒေသခံတွေကို အကြောက် တရားတွေ သွင်းဖို့ ကြိုးပမ်းလာနေတာဖြစ်တယ်။ လေကြောင်းကလည်း အချိန်ပြည့် စောင့်ကြည့် နှောင့်ယှက်ဖို့မဖြစ်နိုင်တဲ့အခါ ကမ်းရိုးတန်းမြို့တွေကို ရေတပ်နဲ့ ပစ်မှတ်ထားပြီး နှောင့်ယှက်ဖို့ ကြိုးပမ်းလာနေတာ” လို့ ပြောပါတယ်။
ရမ်းဗြဲကျွန်းပတ်ဝန်းကျင်းမှာ ရေတပ် သင်္ဘော ၆ စင်းထက်မနည်းကို ကင်းချထားပြီး ကျောက်ဖြူ စစ်မျက်နှာကို ပစ်ကူပေးတိုက်ခိုက်သလို ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့ကိုလည်း စစ်ရေး အရ နှောင့်ယှက်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကို စစ်တပ်က ကုန်ကြောင်းကနေ စစ်ကြောင်းထိုးလို့ မရတော့တာကြောင့် ရေကြောင်းကနေ စစ်သင်္ဘော အစီး ၃၀ ထက်မနည်း ဖြန့်ကျက်ချထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။










