
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နမ်ဖိုသင်္ဘောကျင်းကို သွားရောက်ကြည့်ရှုချိန် အတွင်း အင်အားတောင့်တင်းတဲ့ ရေတပ်အဖွဲ့အစည်း ပေါ်ပေါက်လာဖို့အတွက် နိုင်ငံအတွင်းရှိ သင်္ဘောကျင်းတွေကို ခေတ်မီအောင် ပြုပြင်မွမ်းမံဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၄ ရက်မှာ ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ နိုဝင်ဘာ ၂ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တာဖြစ်ပြီး ပင်လယ်ပြင် နယ်နိမိတ် လုံခြုံရေးအတွက် မူလရှိပြီးသား သင်္ဘောကျင်းတွေရဲ့ စွမ်းဆောင်ရည်ကို တိုးချဲ့ဖို့နဲ့ လုပ်ငန်းလည်ပတ်မှုနှုန်းကို မြှင့်တင်ဖို့က နိုင်ငံရဲ့ ရေကြောင်းလုပ်ငန်း တိုးတက်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့ KCNA မှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကင်မ်ဂျုံအန်းရဲ့ ၅ နှစ်တာ ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အောက်မှာ ၃ စီးမြောက် “ချွဲဟျွန်း” အမျိုးအစား ဖျက်သင်္ဘောကို တည်ဆောက်နေတာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်အရ တနှစ်ကို ရေပြင်တိုက်သင်္ဘောနှစ်စင်း ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
တန်ချိန် ၅,၀၀၀ ရှိတဲ့ ချွဲဟျွန်း အုပ်စုဝင် ဒုတိယမြောက် ဖျက်သင်္ဘောဟာ ၂၀၂၅ ခုနှစ် မေလက ပထမဆုံးအကြိမ် ရေချပွဲမှာ အဆင်မပြေဖြစ်ခဲ့ပေမဲ့ ပြန်လည်ပြုပြင်ပြီး ဇွန်လမှာတော့ အောင်မြင်စွာ ရေချနိုင်ခဲ့ပါတယ်။
Source: Reuters











