
ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ဝီရဌာနီ (ပေါက်တော) မြို့နယ်ကြားက ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ရဲ့ ရေတပ်စစ်သင်္ဘောတွေကို အောက်တိုဘာ ၂၆ ရက်၊ သီတင်းကျွတ်လပြည့် ညမှာ အာရက္ခတပ်တော် (AA) က ရေကြောင်းစစ်ဆင်ရေးလုပ်ပြီး တိုက်ခိုက်ခဲ့တာမှာ ၂ စင်း နစ်မြုပ်သွားတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ရေတပ်စစ်သင်္ဘော ၃ စင်းထိမှန်ပျက်စီးခဲ့ပြီး ၂ စင်းကတော့ လုံးဝ နှစ်မြှုပ်သွားတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား စစ်တွေမြို့နဲ့ အနီးတဝိုက် ဆက်စပ်နေရာအားလုံးနဲ့ ငပြီကျွန်းဘက်တွေမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့လည်း ပြောပါတယ်။
စစ်အာဏာရှင်တပ်အနေနဲ့ ငပြီကျွန်းကို ကမ်းတက်ခြေကုပ်ယူနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမဲ့လည်း အဲဒီကျွန်းဟာ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ အခိုင်အမာရှိနေပါတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။
လက်ရှိမှာလည်း စစ်အာဏာရှင်တပ်က စစ်တွေမြို့တွင်းကျန်ရှိနေတဲ့ ဒေသခံတွေကို လူသားဒိုင်းကာ တန်ဆာခံလုပ်ပြီး ခုခံတိုက်ခိုက်နေသလို ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ပုန်းခိုဖို့တူးထားတဲ့ ဗုံးခိုကျင်းကအစ ဖျက်ဆီးခိုင်းနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ခုလို လုပ်ရပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဖို့စီစဉ်နေတာဖြစ်ပြီး ဒါဟာ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ဦးခိုင်သုခက ဆိုထားပါတယ်။
တဖက်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရေကြောင်းစစ်ဆင်ရေးကို အောင်မြင်စွာစွမ်းဆောင်ခဲ့ကြတဲ့ AA ရဲ့ နည်းပညာရှင်တွေနဲ့ အရာရှိစစ်သည်တွေအားလုံးကို ဂုဏ်ပြုချီးကျူးပါတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။











