
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာ အရေးပေါ်လူနာတင်ယာဉ် တစီးမှ မရှိတဲ့အတွက် လူနာတွေ ဆေးကုသရာမှာ အချိန်နှောင့်နှေး ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အာဏာရှင်တပ်က ရမ်းဗြဲမြို့နယ်ဆေးရုံကို ဗုံးကြဲ တိုက်ခိုက် ခဲ့လို့ ဆေးရုံအဆောက်အအုံတွေအပြင် ဆေးရုံရှိ အရေးပေါ်လူနာတင်ယာဉ်တွေပါ ပျက်စီးခဲ့ရ ပါတယ်။
ဒါကြောင့် ရမ်းဗြဲမြို့နယ် တမြို့နယ်လုံးမှာ အရေးပေါ် လူနာတင်ယာဉ် တစီးမှ မရှိတော့တဲ့အပြင် လက်ရှိမှာလည်း စစ်တပ်ရဲ့ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုတွေကြောင့် ကားပြုပြင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှာမရသလို ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေပါတယ်။
နိုဝင်ဘာ ၅ ရက်က ရမ်းဗြဲမြို့နယ်အတွင်း စစ်ရှောင်စခန်းတခုမှာ ၂ လသားအရွယ် ကလေးငယ် တယောက် ဆေးကုသမှုခံယူဖို့ ဆေးရုံသွားချိန် အရေးပေါ်လူနာတင်ယာဉ် မရှိတဲ့အပြင် ဒေသတွင်းမှာလည်း ကားရှာမရခဲ့တဲ့အတွက် ၂ ရက် နောက်ကျပြီး နိုဝင်ဘာ ၇ ရက်မှသာ ဆေးကုသခွင့် ရရှိခဲ့ပါတယ်။
ဒီလိုမျိုး အရေးပေါ်သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် လူနာတွေ ဆေးကုသရာမှာ အချိန်နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်စေပြီး ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရမ္မာမြေ စစ်ဘေးကူညီရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဒီတိုက်ပွဲမဖြစ်ခင် ကာလတွေကတော့ ရှိတယ်။ အသုံးပြုလို့ရတယ်။ ဒီ ၂၀၂၄ နှစ်စပိုင်းမှာ တိုက်ပွဲတွေဖြစ်တော့ အဲဒီဆေးရုံမှာရှိတဲ့ကားတွေလည်း အကုန်ပျက်စီးကုန်တာပေါ့။ လောလောဆယ်က မြို့ပေါ်မှာ တစီးရှိတာကလည်း အဲဒါလည်း သုံးလို့မရတော့ဘူး။ နယ်ဘက် တွေမှာ အရင်တုန်းကရှိတဲ့ကားတွေကလည်း အကုန်ပျက်နေတယ်။ ဝယ်ထည့်မဲ့ပစ္စည်းတွေက ဒီဘက်မှာ အလွယ်တကူ ဝယ်ထည့်လို့ရတဲ့ ပစ္စည်းတွေ မရှိဘူး။ အဲဒါကြောင့်လည်း အရေးပေါ် လူနာတင်ယာဉ်တွေက သုံးလို့မရတော့ဘူးပေါ့လေ။ ဒီလူနာပို့မယ် ဆိုလို့ရှိရင် ဒီဟိုက်ဂျက်တွေ ငှားတယ်၊ လိုင်းကားတွေနဲ့ သွားရတယ်။ အဲလိုပုံစံမျိုးပဲ သွားရတာတော့ သက်သောင့်သက်သာ မရှိဘူး။ လမ်းတွေက ကြမ်းတော့လေ။”
တဖက်မှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးကုသနိုင်ဖို့ ဆေးရုံ ဆေးခန်း သွားမယ်ဆိုရင် ခရီးစရိတ်က ကျပ် ၄ သိန်းကျော် ၅ သိန်းဝန်းကျင် ရှိနေတဲ့အတွက် ကုန်ကျမှု ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို အခြေအနေတွေကြောင့် စားဝတ်နေရေးအတွက်တောင် ရုန်းကန်နေရတဲ့ စစ်ဘေးရှောင်တွေ အတွက်ကတော့ ဆေးကုသနိုင်ဖို့ဆိုတာ အလှမ်းဝေးကွာလှပါတယ်။
အလားတူ တောင်ကုတ်မြို့နယ်မှာလည်း အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက စစ်ဘေးရှောင်တွေကို အခမဲ့ ဆေးကုသပေးနေပေမဲ့ စစ်ရှောင်တွေဟာ ဆေးရုံသွားဖို့ ကယ်ရီစရိတ်၊ ဘေးတွဲစရိတ်ကို တောင် မတတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
တောင်ကုတ်မြို့နယ်နေ ဒေသတွင်း လူမှုကူညီပေးနေသူတယောက်က “အခမဲ့ ဆေးကုပေးနေပေမဲ့ ခရီးစရိတ်မတတ်နိုင်လို့ ဆေးကုပေးနေတဲ့ နေရာတွေဆီ မသွားနိုင်ကြတာပါ။ ဆေးမကုနိုင်လို့ ငှက်ဖျားရောဂါနဲ့ အသက်ဆုံးရှုံးမှုတွေလည်း ရှိပါတယ်။ ဒီဘက်မှာက လူနာတင်ယာဉ်လည်း မရှိပါဘူး။ သီးသန့်အငှားကားတွေကို စင်းလုံးငှားပြီး သွားရပါတယ်။ စစ်ရှောင်တွေနေတဲ့နေရာကနေ ဆေးရုံ ဆေးခန်း ရှိတဲ့နေရာကို ကားနဲ့သွားမယ်ဆိုရင် လမ်းတွေက မကောင်းတဲ့အတွက် ၃ နာရီဝန်းကျင် သွားရပါတယ်။ ရွာတိုင်းမှာက ကျန်းမာရေး ဆေးပေးခန်းတွေလည်း မရှိပါဘူး။ စစ်ရှောင်တွေအနေနဲ့ တနေရာကနေ တနေရာကို သွားနိုင်ဖို့ ခရီးစရိတ်လည်း မတတ်နိုင်လို့ ဆေးမကုနိုင်တဲ့သူတွေကို မြေပြင်မှာ အများကြီး မြင်တွေ့နေရပါတယ်။ ဒီကိစ္စကိုလည်း အာရက္ခ ပြည်သူ့ကျန်းမာရေးအစိုးရအနေနဲ့ သိရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေကို ဒီ့ထက်ပိုပြီး တိုးမြှင့်လုပ်ဆောင်ပေးစေလိုပါတယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် အခမဲ့ ဆေးကုသပေးတဲ့ နေရာတွေကိုလည်း စစ်ရှောင်အများစုက မသိရှိကြပါဘူး။
လက်ရှိမှာလည်း လူနာတွေအတွက် သယ်ယူပို့ဆောင်ရာမှာ အဆင်ပြေချောမွေ့စေဖို့ အရေးပေါ် လူနာတင်ယာဉ်တစီး လိုအပ်နေပြီး မြန်မာငွေ ကျပ် သိန်း ၈၀၀ လောက် ကုန်ကျနိုင်ခြေရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
ကေခိုင်











