
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရွာသစ်ကေကျေးရွာကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား အမျိုးသားတယောက်သေဆုံးပြီး၊ နောက်အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ် ရွာသစ်ကေကျေးရွာကို ညနေ ၄ နာရီ ၅ မိနစ်လောက်မှာ စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာတစင်း ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဒေသခံတယောက်က “တောင်ကုတ်မြို့အနီးက ရွာသစ်ကေရွာကို ဂျက်ဖိုက်တာတစင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာရှိတယ်။ ညနေ ၄ နာရီ ၅ မိနစ်ဝန်းကျင်မှာ ဂျက်တစင်းနဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်သွားတာ။ အမျိုးသားတယောက် အခင်းဖြစ်တဲ့နေရာမှာတင် သေသွားပြီးတော့ နောက်ထပ် သက်ကြီးပိုင်းအမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတာရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့သူကတော့ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်” လို့ပြောပါတယ်။
သေဆုံးသွားသူဟာ ရွာသစ်ကေကျေးရွာက ဦးတင်မောင်(၆၀နှစ်)ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိ သွားသူကတော့ ဦးမင်းဆွေ (၇၃ နှစ်)ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရွာသစ်ကေကျေးရွာအပြင် တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအနီး တောင်တန်းတွေကိုလည်း ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
စက်တင်ဘာ ၁၀ ရက် ည ၁၀ နာရီက ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ဗုံးကြဲတာကြောင့် အမျိုးသား တယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို၊ စက်တင်ဘာ ၁၁ ရက် မနက် ၂ နာရီကလည်း ပုဏ္ဏာားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်က AA ထိန်းချုပ်မြို့နယ် တွေကို နေ့စဉ်ရက်ဆက် လေကြောင်း၊ ရေကြောင်းတို့ကနေ တိုက်ခိုက်နေတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေဟာလည်း နေ့စဉ်ရက်ဆက် မြင့်တက်လာနေပါတယ်။
ရခိုင်စစ်ရေးအကဲခတ် အမျိုးသားယောက်က “စစ်တပ်က လေကြောင်းနဲ့ ရေကြောင်းကို အသုံးပြုပြီး အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ကာ AA ကို စစ်ရေး ဖိအားပေး လာနေတာ ဖြစ်တယ်။ လက်ရှိ စစ်တပ်ရဲ့ ရခိုင်ပြည်တွင်း ထိုးစစ်တွေဟာ အထိနာနေတာကြောင့် အပစ်သား တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးတာဟာ စစ်တပ်ရဲ့ လက်နက်တစ်ခုလို ဖြစ်နေပြီး။ ရခိုင်ပြည်သူတွေအနေနဲ့လည်း အထူးသတိထားရတော့မယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ပြီး စက်တင်ဘာ ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ဧရာဝတီတိုင်း ဘက်ကနေ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လာနေတာဖြစ်ပါတယ်။











