DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်စစ်ရှောင်စခန်း ၁၁ ခု၌ တုပ်ကွေးရောဂါ ကူးစက်နှုန်း မြင့်တက်နေ
DVB
·
September 15, 2026
စက်တင်ဘာ ၁၁ ရက်က တောင်ကုတ်မြို့နယ်၊ ရွာသစ်ကေကျေးရွာ ဗုံးကြဲခံခဲ့ရစဉ်။ Photo : ONN၊ CJ
စက်တင်ဘာ ၁၁ ရက်က တောင်ကုတ်မြို့နယ်၊ ရွာသစ်ကေကျေးရွာ ဗုံးကြဲခံခဲ့ရစဉ်။ Photo : ONN၊ CJ
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်အတွင်းက စစ်ဘေးရှောင်စခန်း ၁၁ ခုက လူဦးရေရာချီ တုပ်ကွေး ရောဂါ ကူးစက်ခံနေရပြီး ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ အ‌ရေးတကြီး လိုအပ်နေပါတယ်။

လက်ရှိ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာနဲ့အတူ ကျောက်ဖြူဒေသခံတွေဟာ တောင်ကုတ်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်ဦးရေ တသောင်းဝန်းကျင်လောက် ယာယီခိုလှုံနေကြရပါတယ်။

အဲဒီထဲက စစ်ရှောင်စခန်း ၁၁ ခုမှာ လူဦးရေ ၃၀၀ နီးပါးဟာ တုပ်ကွေးရောဂါဝေဒနာကို ခံစား နေကြရတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး တုပ်ကွေးရောဂါကူးစက်တာ မြင့်တက်လာနေပြီး စက်တင်ဘာလဆန်းပိုင်းမှာတော့ ကူးစက်မှုနှုန်းက ပိုမိုများပြားလာနေတဲ့အတွက် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတယောက်ကတော့  ရောဂါကူးစက်မှုတွေဟာ အိမ်ထောင်စုတိုင်းလိုလိုမှာ ဖြစ်ပွားနေကြပြီး အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို တွေမှာ အဖြစ်များနေတယ်လို့ ဆိုပါတယ်။

“အိမ်တိုင်းလိုလို ဖြစ်ကြပါတယ်၊ တအိမ်မှာ ၃ ယောက်ရှိရင် ၃ ယောက်စလုံး ဖြစ်တာမျိုးတွေပေါ့။ ဖြစ်ပွားကူးစက်မှု များတာကတော့ အသက်ကြီးပိုင်းတွေနဲ့ အသက်ငယ်ပိုင်းတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ တုပ်ကွေးအဖြစ်များတာကတော့ တောတောင်တွေနဲ့ နီးစပ်တဲ့ ဒေသတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ များကြပါတယ်။ အလုပ်အကိုင်မရှိလို့ စားဝတ်နေရေးက မပြေလည် တာက တကြောင်း၊ ဒီကြားထဲကနေ ခုလို ကူးစက်ရောဂါတွေ ဖြစ်လာတော့ ရောဂါပျောက်အောင် မကုသနိုင်တာတွေ များတာပေါ့။ ဒီအတိုင်း အိမ်မှာပဲ လဲပြီးတော့ အိပ်ရာပေါ်မှာပဲ နေနေရပါတယ်။ ဆေးတွေလည်းမထိုးနိုင်ဘူး၊ သောက်ဆေး သောက်ပြီးတော့ပဲ နေနေရတာပေါ့။”

လက်ရှိမှာ ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ စစ်အုပ်စုရဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုတွေကြောင့် ဒေသတွင်း ဆေးဝါးတွေ ပြတ်လပ်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာပါ။

ဒါကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သေချာမခံယူနိုင်ဘဲ အိမ်ထဲမှာပဲ နေနေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း ရန်ပုံငွေ အခက်အခဲကြားကနေ ကြိုးစားရုန်းကန် လည်ပတ်နေကြရတယ်လို့ ဆိုပါတယ်။

ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူက “ကျနော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေ ဆိုတာက ပြည်ပက အလှူငွေရတဲ့အပေါ်မှာပဲ မှီခိုနေရတာ‌လေ။ မြေပြင်မှာက စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာ‌ရေး အဘက်ဘက်က လုပ်ပေးနေရတဲ့အချိန်မှာ အဓိက အခက်အခဲက လုပ်ပေးနေရတဲ့ အကြောင်းအရာတွေလည်း များတယ်ဆိုတော့ ကြားထဲမှာ ငွေရေးကြေးရေး အဆင်မပြေမှုတွေက ပိုများတာပေါ့။ ကျနော်တို့ မြေပြင်မှာကတော့ ကြည့်ကျက်ပြီးပဲ အဆင်ပြေသလို ဖြေရှင်းနေရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေး‌ရှောင် ရာချီအတွက် တုပ်ကွေးရောဂါ ကာကွယ်ကုသနိုင်ဖို့  ခြင်ထောင်တွေ အပါအဝင် ဆေးဝါးတွေ အ‌ရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ တောင်ကုတ်ခရိုင်အတွင်းက စစ်ဘေးရှောင် တွေအတွက် ပံ့ပိုးကူညီပေးကြဖို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေက တောင်းဆိုနေကြပါတယ်။

ကေခိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013