
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၆ ရက် မနက်မှာ ဂျက်တိုက်လေယာဉ် ၇ စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၂ ယောက် သေဆုံးခဲ့ကာ ၁ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်က သိရပါတယ်။
ဒီမနက် ၉ နာရီကျော်မှာ တောင်ကုတ်မြို့အနီးနဲ့ စစ်တပ်ရဲ့ အရင် စကခဌာနချုပ်နဲ့ တပ်ရင်းဟောင်း နေရာကို လာရောက်ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အကုန်လုံး ဗုံးအလုံးရေ ၂၀ ကျော်လောက် ကျမယ်ထင်တယ်။ အဓိက တပ်မနဲ့ တပ်ရင်းဟောင်း တွေ ကျတယ်။ ပြီးတော့ မြို့နားတွေလည်း ကျတယ်။ ရန်ခေါ်၊ ဖုံညို၊ စေတီကွင်း၊ ကြိုးကြာကွင်း ဘက်လည်း ကျတယ်။ ကနဦးသိရတာက ဗုံးစကြောင့် ၁ ယောက်ဒဏ်ရာရတယ်။ နောက်ထပ် ၂ ယောက်က ဗုံးကြဲလို့ ကြောက်လန့်ပြီး အမောဖောက်သွားပြီး ဆုံးသွားတာပါ”
အမောဖောက်ပြီး သေဆုံးသူတွေဟာ တောင်ကုတ်မြို့၊ ဆိပ်ကမ်းသစ်ရပ်ကွက်က အသက် ၅၂ နှစ်အရွယ် ဦးဇော်ခင်ဦးနဲ့ ဆေးရိုးတန်းလမ်းက ဦးလှစိန်တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပထမအကြိမ်မှာ ဂျက်တိုက်လေယာဉ် ၂ စင်း၊ ဒုတိယအကြိမ်မှာ ၃ စင်း၊ တတိယအကြိမ်မှာ ၂ စင်း နဲ့ လာရောက်ဗုံးကြဲတာလို့ သိရပါတယ်။
စစ်တပ်ရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅)၊ ခလရ ၃၄၆၊ ခလရ ၅၄၄ နဲ့ ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ရန်ခေါ်၊ ဖုံညို၊ စေတီကွင်း၊ ကြိုးကြာကွင်းနဲ့ ဆေးရုံပတ်ဝန်းကျင်ကို တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ မြေပြင် တာဝန်ရှိသူတယောက်က အတည်ပြု ပြောပါတယ်။
မနေ့ည ၉ နာရီဝန်းကျင်ကတည်း ကျောက်တော်မြို့နယ်၊ ချောင်းဒူ ပတ်ဝန်းကျင် တောင်တန်းတွေ ကို ဂျက်တိုက်လေယာဉ် ၅ စင်း၊ Y12 တစင်းနဲ့ စစ်တပ်က ဗုံးကြဲ တိုက်ခဲ့ပါတယ်။
ဒေသခံတယောက်က “မနေ့ညက ဗုံးအလုံး ၂၀ ကျော်လောက် ကျတယ်။ တချို့နေရာတွေဆို မီးပါထလောင်တယ်။ တကယ် ကြောက်စရာကောင်းလာပါတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဗျာလစစ်ဘေးရှောင် (IDP) စခန်း၊ ပန်းနီလာစစ်ဘေးရှောင် (IDP) စခန်းနဲ့ အောင်ဖြူပြင်ကျေးရွာတို့ကို စစ်တပ်က ဗုံးကြဲတာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ AA က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အခုလို နေ့တိုင်း ဗုံးကြဲလာနေတာကြောင့် ပန်းနီလာစစ်ရှောင်စခန်း၊ ဗျာလစစ်ရှောင်စခန်း၊ ပန်းနီလာကျေးရွာ၊ အောင်ဖြူပြင်၊ သရက်ချို၊ မြတ်လှဲ၊ ကျောက်ဆိပ် စတဲ့ကျေးရွာတွေက ဒေသခံနဲ့ စစ်ရှောင်တွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ ပါတယ်။










