
ရခိုင်ပြည်နယ်၊ ဝီရဌာနေမြို့(ပေါက်တောမြို့) အမှတ် ၃ ရပ်ကွက်ကို စစ်အာဏာရှင် လေတပ်ကနေ အောက်တိုဘာ ၁၁ ရက်၊ နေ့လယ် ၂ နာရီ ၁၀ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဝီရဌာနေမြို့နယ်(ပေါက်တောမြို့)မှ စစ်ရှောင်နေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီနေ့လည်း ပေါက်တောမြို့ပေါ်ကိုပါ ကြဲတယ်။ ငပြီကျွန်းဘက်ကိုလည်း ကြဲပါတယ်။ မြို့ပေါ်ရပ်ကွက်က ၄ ယောက် ဒဏ်ရာရသွားတယ်။ အဲဒီ ၄ ယောက်အထဲမှာ ဆယ်ကျော်သက် ကလေး ၂ ယောက်ပါပါတယ်။ နေ့တိုင်းဗုံးကြဲနေတော့ လူတွေ အကြောက်တရားနဲ့ပဲ နေနေရတယ်။”
ဝီရဌာနေမြို့နယ်၊ အမှတ် ၃ ရပ်ကွက်က ၁၁ နှစ်အရွယ် မောင်မင်းခန့်နိုင်၊ ၂၁ နှစ်အရွယ် မောင်မင်းသန့်ဝေ၊ ၄၅ နှစ်အရွယ် ဒေါ်ဦးသိန်းညွှန့်နဲ့ ၁၈ နှစ်အရွယ် မဆောင်းနှင်းဝေတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီကျော်လောက်မှာလည်း ဝီရဌာနေမြို့နယ်အတွင်းက ဒါးကိုင်ကျေးရွာနဲ့ ငပြီကျွန်းကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဝီရဌာနေမြို့နယ်နေ အမျိုးသားတယောက်က ပြောပါတယ်။
“ဝီရဌာနေမြို့နယ်ကို ဗုံးကြဲတာက ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ၅ ရက်လောက်ရှိပြီ နေ့တိုင်း ဗုံးကြဲနေတာ။ ဒီနေ့ (အောက်တိုဘာ ၁၁) လည်း မြို့ပေါ်ကို ဗုံးကြဲပြီးတော့ ဒါးကိုင်ရွာနဲ့ ငပြီကျွန်းရွာကို ဗုံးချခဲ့သေးတယ်။”
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့၊ ညနေ ၆ နာရီ မိနစ် ၂၀ ခန့်မှာလည်း ဝီရဌာနေမြို့နယ်၊ ဆင်အိုင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွတ်ဆလင်တွေအပါအဝင် ဒေသခံ ၇ ယောက် သေဆုံးခဲ့ပြီး ၁၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒဏ်ရာရသူ ၁၇ ယောက်ထဲက မယီယီသန်း (၃၁) နှစ်နဲ့ ဒေါ်ကြာညို (၈၃) နှစ်တို့ ဆေးကုသမှုခံယူရင်း အောက်တိုဘာ ၁၁ ရက် မနက်မှာ ထပ်မံသေဆုံးသွားတာကြောင့် ဆင်အိုင်ရွာမှာ သေဆုံးသူ ၉ ယောက်အထိရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်ကလည်း အမ်း-ရန်ကုန်ရိုးကျော်လမ်းက နေရာတွေကို စစ်အာဏာရှင် လေတပ်ကနေ ဗုံးကြဲချတိုက်ခိုက်တာကြောင့် ရိုးပေါ်က လမ်းတချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်ကလည်း မြေပုံမြို့နယ်၊ ရွာသစ်ကေရပ်ကွက်နဲ့ ကံသာထွက်ဝရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကံသာထွက်ဝရပ်ကွက်က အသက် ၅၀ အရွယ် ဒေါ်ရွှေစိန်ဖြူ သေဆုံးခဲ့ပြီး ရွာသစ်ကေရပ်ကွက်က အသက် ၃၁ နှစ်အရွာ် ဦးအောင်ဆန်းဝင်း နဲ့ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ကျီ တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။











