
၁၉၈၀ ပြည့်နှစ် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ ထိခိုက်ခံစားခဲ့ရသူတွေကို စော်ကားရာရောက်ခဲ့တဲ့ စတားဘတ်ခ် ကိုရီးယားကုမ္ပဏီရဲ့ မာကတ်တင်းကမ်ပိန်း တခုနဲ့ ပတ်သက်ပြီး မိခင်ကုမ္ပဏီ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့အတွက် တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ စတားဘတ်ခ်စ် ကိုရီးယားရဲ့ ဌာနချုပ်ကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ကိုရီးယားအစိုးရပိုင် ရုပ်သံလိုင်း KBS က ဩဂုတ် ၅ ရက်မှာ ဖော်ပြပါတယ်။
စတားဘက်ခ်ကိုရီးယားရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ရှင်းဆယ်ဂယ် အုပ်စုဘက်က ပေးပို့ထားတဲ့ စာရွက်စာတမ်းတွေထဲမှာ မပါသေးတဲ့ သက်သေအထောက်အထားတွေကို ရယူနိုင်ဖို့ ရဲတပ်ဖွဲ့က အခုလို ဝင်ရောက်ရှာဖွေတာ ဖြစ်ပါတယ်။
အဲဒီမားကတ်တင်းကမ်ပိန်းဟာ ၁၉၈၀ ပြည့်နှစ်က ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲခဲ့တဲ့ အဖြစ်အပျက်ကို သွားအမှတ်ရစေခဲ့တာကြောင့် ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရတာပါ။
အဲဒီနောက်ပိုင်း ကုမ္ပဏီရဲ့ အရောင်းအဝယ်တွေ အရမ်းကို ထိခိုက်ကျဆင်းသွားခဲ့ရတယ်လို့ စတားဘက်စ် ကိုရီးယားဘက်က မေလတုန်းက ထုတ်ဖော်ပြောထားပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး စတားဘက်စ် ကိုရီးယားနဲ့ ရှင်းဆယ်ဂယ် ကုမ္ပဏီ ၂ ခုစလုံးကတော့ ဒါဟာ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်စုံစမ်းနေတာလို့ပဲ မြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို စာနဲ့ အကြောင်းပြန်ခဲ့ပါတယ်။
ဆိုးလ်မြို့တော် ရဲဌာနကတော့ ဒီအကြောင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။
စတားဘက်ခ် ကိုရီးယားကို ရှင်းဆယ်ဂယ် အုပ်စုက SCK ကုမ္ပဏီကနေတဆင့် လည်ပတ် နေတာဖြစ်ပြီး အဲဒီအထဲမှာ E-Mart က ၆၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ စင်ကာပူရဲ့ နိုင်ငံပိုင်ရန်ပုံငွေအဖွဲ့ GIC က ၃၂ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
Source: Reuters










