
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၄၁ ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်မှာရှိ ACE စားသောက်ဆိုင်မှာ မေ ၃၀ ရက် ည ၈ နာရီခွဲကဖြစ်တဲ့ ရန်ပွဲမှာ သေနတ်ပစ်ဖောက်ခဲ့တဲ့ ရှေ့နေတယောက်ကို ရဲတွေက ဖမ်းမိပြီးနောက် စစ်အာဏာရှင်တပ်က လိုင်စင်နဲ့ သေနတ်တွေ ထုတ်ပေးနေပြီလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
မေ ၃၀ ရက် ည ၈ နာရီခွဲက ACE စားသောက်ဆိုင်မှာ စားသောက်နေတဲ့ ရှေ့နေအပါအဝင် ၃ ယောက်ကို အမည်မသိ လူ ၁၅ ယောက်က ဓားနဲ့ဝင်ထိုးပြီး ဇနီးဖြစ်သူကို ကားပေါ်ဆွဲတင် ခေါ်ဆောင်ရာ ရှေ့နေဖြစ်သူက သေနတ်ပစ်ဖောက် ဟန့်တားခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အဲ့နေ့ညက ဦးဝိစာရလမ်းပေါ်မှာ သေနတ်သံတချက် ကြားရတယ်။ စစ်တပ်က ပစ်ခတ်ပြီး ဝင်ဖမ်းတယ်ထင်တာ။ မနက်မှသိတာက ACE စားသောက်ဆိုင်မှာ ပြဿနာတက်တာ၊ ရှေ့နေက သေနတ်ပစ်ဖောက်တာတဲ့၊ ဒါဆို စစ်တပ်က တရားရေးနဲ့ အုပ်ချုပ်ရေးကို လိုင်စင်နဲ့ သေနတ်တွေ ထုတ်ပေးနေပြီလား၊ အမှန်တကယ်သာ စစ်တပ်က ပြည်သူလူထုအတွက် မစဥ်းစားရဲဘူး၊ အုပ်ချုပ်ရေးက ပြဿနာတက်လာရင် PDF ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ပစ်မှာ။”
စစ်အာဏာရှင်လက်အောက်ခံ ရဲကြေးနန်းထဲမှာ ACE စားသောက်ဆိုင်မှာ ရှေ့နေ ဦးမျိုးကိုကိုဇော်၊ ဇနီးဖြစ်သူ ဒေါ်ဖြိုးပပစိုး၊ ဦးဇေယျာမြင့်မြတ်တို့ ထိုင်နေစဥ် မြောက်ဥက္ကလာမြို့နယ်နေ သက်ဇော် (ခေါ်) သက်ဇော်ထွန်းနဲ့ အမည်မသိ အမျိုးသား ၁၅ ယောက်က ရှေ့နေ ဦးမျိုးကိုကိုဇော်နဲ့ ဦးဇေယျာမြင့်မြတ် တို့ကို ဓားနဲ့ထိုးပြီး ဇနီးဖြစ်သူ ကားတင်ပြေးလို့ သေနတ်တချက် ပစ်ဖောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဥ်မှာ ရှေ့နေ ဦးမျိုးကိုကိုဇော်နဲ့ ဦးဇေယျာမြင့်မြတ်တို့ ဒဏ်ရာရပြီး ဆေးကုသမှုခံယူကာ ရဲတွေက ဦးမျိုးကိုကိုဇော်ကို ဖမ်းဆီးပြီး ပုဒ်မ ၂၄ နဲ့ အမှုဖွင့်ထားသလို ဇနီးဖြစ်သူ ဒေါ်ဖြိုးပပစိုး ကလည်း မြောက်ဥက္ကလာပမြို့နယ်နေ သက်ဇော် (ခ) သက်ဇော်ထွန်း အပါအဝင် ၁၅ ယောက်ကို အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မေ ၂၃ ရက်ကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းကို ဓားနဲ့ခုတ်ဖို့ ကြိုးစားတဲ့ ဦးဖြိုးမင်းခိုင်ကို အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့ပြီး အပြန်အလှန် အမှုဖွင့်ထားကြပါတယ်။
မေ ၉ ရက်ကလည်း စစ်တပ်ထောက်ခံသူ သရုပ်ဆောင် မင်းအုပ်စိုးကို တွံတေးမြို့နယ်၊ ဘုရားငုတ်တို X-Ray ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပစ္စတိုသေနတ်တလက်၊ ကျည်အိမ်၊ ကျည်ဆန်များစွာနဲ့ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့ပါတယ်။
မတ် ၃ ရက်လည်း မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်၊ ရွှေနဂါးစားသောက်ဆိုင်ရှေ့မှာ နေပြည်တော် ဟစ်တိုင် သတင်းထောက် သန်းထွန်း (ခ) ဆရာမောင်ကို ပစ္စတိုတလက်၊ ကျည်ဆန် အမြောက်အမြားနဲ့ ဖမ်းမိခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေကို လေ့လာကြည့်ပါက စစ်အာဏာရှင်တပ်က စစ်တပ်ထောက်ခံသူ၊ အုပ်ချုပ်ရေး၊ တရားရေးနဲ့ ရဲသတင်းပေးတွေကို သေနတ်ထုတ်ပေးတာ သေချာနေပြီး ဘယ်လိုအ ကြောင်းတရားကို အခြေခံ ထုတ်ပေးတယ်ဆိုတာ မသိရကြောင်း တရားလွှတ်တော်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။
“လက်နက်ဥပဒေ ထွက်လာပြီးနောက်ပိုင်း ဒီဖြစ်စဥ်တွေ ဖြစ်လာတာပဲ။ သေနတ်ထုတ်ပေးတဲ့သူတွေ ကြည့်ရင် အုပ်ချုပ်ရေး၊ တပ်ထောက်ခံသူ၊ ရဲသတင်းပေး၊ တရားရေးကလူတွေ ဖြစ်နေတယ်။ တရားဝင် သေနတ်တွေ ကိုင်ဆောင်ခွင့်ပြုပြီလား၊ တကယ်လို့သာ ခွင့်ပေးလိုက်ရင်တော့ ယမ်းပုံထဲကို မီးစပစ်ထည့်လိုက်သလိုပဲ ပဋိပက္ခတွေ ပိုကြီးထွားလာပြီး လက်နက်နဲ့ပဲ ရှင်းကြမှာ၊ ပြည်သူတွေအတွက် စိုးရိမ်ရတယ်။”
၂၀၂၃ ခုနှစ် မေ ၁၁ ရက်မှာ အခန်း ၉ ခန်း၊ ပုဒ်မ ၄၄ ခု ပါဝင်တဲ့ လက်နက်ဥပဒေကို စစ်အာဏာရှင်က ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေထဲမှာ လိုင်စင်လျှောက်ထားဖို့နဲ့ လွှဲပြောင်းကိုင်ဆောင်ခွင့်ကို တားမြစ်ထားပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၆ လကနေ ထောင်ဒဏ်တသက်ဖြစ်စေ၊ သေဒဏ်အထိ ဖြစ်စေ အပြစ်ပေး အရေးယူမယ်လို့ ဖော်ပြထား ပါတယ်။










