
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ရဲ့ ဌာနတချို့မှာ ရှေ့နေဝင်ရောက်ခွင့် တားမြစ်တာတွေ လုပ်လာတဲ့အပေါ် တရားရေးအသိုက်အဝန်းကြား ဝေဖန်နေကြပါတယ်။
စည်ပင်မှာ ဆောင်ရွက်ရမဲ့ကိစ္စရပ်တွေအတွက် ကိုယ်တိုင်သွားမလုပ်လိုသူတွေက ကိုယ်စားလှယ် လွှဲအပ် ဆောင်ရွက်စေတာကို တားမြစ်ပိတ်ပင်တဲ့ လုပ်ရပ်တွေရှိနေတာလို့ ရန်ကုန်မြို့မှ အထက်တန်း ရှေ့နေတယောက်က ပြောပါတယ်။
“နိုင်ငံတော်က တရားဝင်အသိအမှတ်ပြုထားတာကို မဝင်ရဘူးဆိုပြီး တားမြစ်တဲ့လုပ်ရပ်က တော်တော် အမြင်ဆိုးတယ်။ ပြည်သူတွေရဲ့အခွင့်အရေးချိုးဖောက်တာလို့ ပြောလို့ရတယ်။”
YCDC မှာရှိတဲ့ မြေယာ၊ အခွန်လိုဌာနတွေက ရှေ့နေနဲ့ ပွဲစားမဝင်ရဘူးဆိုကာ ရုံးအပေါက်ဝမှာ စာကပ်သတိပေးထားတာတွေ ရှိနေပြီး အခုလို တားမြစ်တာက ရုံးဌာနတွေ ပွင့်လင်းမြင်သာမှု မရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ ထောက်ပြဝေဖန်နေကြပါတယ်။
ကျောက်တံတားမြို့နယ်မှ ဥပဒေအကြံပေးလုပ်နေသူတယောက်က “မှန်မှန်ကန်ကန်လုပ်နေတာ ဆိုရင် ဘာလို့ ရှေ့နေပေးမဝင်ရဲရမှာလဲ။ ဒီလိုတားမြစ်တဲ့နောက်ကွယ်မှာ အကျင့်ပျက်ခြစားမူတွေ ရှိလို့လားဆိုတာ မေးစရာဖြစ်လာတယ်” လို့ ပြောပါတယ်။
YCDC မှာ ရန်ကုန်တိုင်းအတွက် ဝန်ဆောင်မူနဲ့ ဘတ်ဂျက်ငွေ ရှာဖွေပေးနေသလို တဖက်မှာ ငွေကြေးမသမာမူနဲ့ပတ်သက်လို့ နာမည်ဆိုးထွက်နေတဲ့ ဌာနဖြစ်ပါတယ်။











