
ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးမှုနဲ့ ထောင်ချထားခံရတဲ့ တရားလွှတ်တော်ရှေ့နေ နိုင်ငံရေးအကျဉ်းသူ ဒေါ်ဖြိုးဝေဝေမြင့်ဟာ ကင်ဆာရောဂါ ပြင်းထန်စွာ ခံစားနေရပြီး ဆေးကုသခွင့် မရဘူးလို့ အကျဉ်းထောင်ဝန်ထမ်းတယောက်ထံက သိရပါတယ်။
ရှေ့နေ ဒေါ်ဖြိုးဝေဝေမြင့်ဟာ ရောဂါသည်းလာပြီး ရေအိမ်သွားဖို့တောင် အဆင်မပြေ ဖြစ်နေရပြီး အခုရက်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့် မရပါက ရက်ပိုင်းအတွင်း အသက်အန္တရာယ်ရှိ နိုင်တယ်လို့ မကြာသေးခင်က လွတ်လာသူ ရိုးရိုးအကျဉ်းသူတယောက်က ပြောပါတယ်။
“ထောင်ဆေးရုံက အကိုက်ခဲပျောက်ဆေးတောင် မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ် အိမ်ကိုမှာပြီး သောက်နေရတာ၊ ကင်ဆာသမားဆို သေဖို့ ထိုင်စောင့်နေရသလိုပဲ။ အခု မဖြိုးဖြိုး (ဒေါ်ဖြိုးဝေဝေမြင့်) က ကင်ဆာအကြိတ်တွေက နေရာအနှံ့ ပြန့်နေတော့ အိမ်သာမှာ ထိုင်လို့မရဘူး။ ရင်ဘတ်မှာလည်း ကင်ဆာအကြိတ်တွေ ပြန့်နေတော့ အခု အတွင်းခံလည်း ဝတ်လို့မရ၊ မှောက်လျက်သားလည်း အိပ်လို့မရ၊ ပက်လက်လည်း အိပ်လို့မရဘူး။ နားတဖက်ကလည်း အသံမကြားရတော့ဘူး။ အပြင်ဆေးရုံ ၂ ခါတော့ ထုတ်ပြပေးသေးတယ်။ အစိုးရဆေးရုံတွေက ဘာမှ လုပ်မပေးနိုင်ဘူး။ ကင်ဆာအတွက် ဘိုင်အိုစီတောင် လုပ်မပေးနိုင်ဘူး။ အပြင်ဆေးရုံထုတ် ပြပေးတုန်းက အိမ်ကိုလည်း အကြောင်းမကြားဘူး၊ အသိမပေးဘူး။ ဆေးရုံကလည်း ဘာမှ လုပ်မပေးဘူး။ အရမ်းသနားဖို့ကောင်းတယ်။ သူ့အကြိတ်တွေက စမ်းကြည့်လို့ရတယ်။ ကင်ဆာ ဆိုတာကလည်း ဆေးရုံက ပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တီဘီ အကြိတ်တော့ မဟုတ်တာ သေချာတယ်။ အထဲမှာ နားလည်တဲ့သူတွေ ရှိတယ်လေ။ ချောင်းတွေ ဘာတွေတော့ မဆိုးဘူး။ အကြိတ်တွေပဲ ခန္ဓာကိုယ် နေရာအနှံ့မှာ ပြန့်လာနေတာ။ သူ့မှာ ထိုင်လို့လည်းမရ၊ အိပ်လို့လည်းမရနဲ့ ကြာရင် မလွယ်ဘူး၊ လုံးပါးပါးတော့မယ်။”
ဒေါ်ဖြိုးဝေဝေမြင့်ဟာ ၂၀၂၄ ခုလောက်က လည်ပင်းတွေမှာ အကြိတ်တွေ စထွက်လာပြီးနောက် လက်မောင်း၊ ခေါင်းနဲ့ နားတွေမှာ အကြိတ်တွေပေါ်လာပြီး နားတဖက်က မကြားရတော့ဘူးလို့ နောက်ထပ် လွတ်လာသူ ရိုးရိုးအကျဉ်းသူတယောက်က ပြောပါတယ်။
“အမှန်က အိမ်ကလူက လိုက်သွားပြီး အထူးကုနဲ့ သူ့ဆီက အသားစတို့ ဘာတို့ကို ယူပြီး ရန်ကုန်ကိုပို့မှ ကင်ဆာ ဟုတ်မဟုတ်တို့ ဘာကင်ဆာလဲ ဆိုတာတွေ ခွဲခြားနိုင်ပြီး လိုအပ်တဲ့ ဆေးကုသမှု ဆက်လုပ်နိုင်မှာလေ။ အခုက အိမ်က နောက်မှသိလို့ ဆေးရုံကို လိုက်သွားတော့လည်း တာဝန်ကျ ထောင်ဝန်ထမ်းက တွေ့ခွင့် လာခွင့် မရှိဘူးဆိုပြီး အိမ်ကလူတွေကို မောင်းထုတ်လို့ ဘာမှ လုပ်ပေးခွင့် မရခဲ့ပါဘူး။ အခုတော့ သူ့မှာ နေ့စဉ် ငရဲခံနေရသလိုပဲ။ အိပ်လို့မရဘူး၊ ထိုင်လို့လည်းမရဘူး၊ အကြိတ်တွေက နာလို့ဆိုပြီး ငိုငိုနေရတာ၊ ဘေးကလူတွေလည်း သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတာ။”
တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြိုးဝေဝေမြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ်လတည်းက မတရားဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခမဲ့ အမှုလိုက်ပေးတာ၊ မိသားစုနဲ့ ဆက်သွယ်ပေးတာ၊ စားဝတ်နေရေး အဆင်မပြေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပကူညီသူတွေနဲ့ ချိတ်ဆက် ကူညီပေးနေတာကြောင့် စစ်ကောင်စီက အငြိုးထား စောင့်ကြည့်ကာ ၂၀၂၂ ခု နိုဝင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အကျဉ်းထောင် အက်ဥပဒေနဲ့ ထောင် ၃ လ၊ ပုဒ်မ ၅၀(ည) နဲ့ ထောင် ၁၀ နှစ်၊ စုစုပေါင်း ထောင် ၁၀ နှစ်နဲ့ ၃ လ ချထားပါတယ်။
သူကူညီပြီး အခမဲ့ ရှေ့နေလိုက်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအမှုပေါင်း ၈၀ ကျော်နဲ့ လူဦးရေ ၂၀၀ ကျော်ရှိကာ အဖမ်းခံရတဲ့အချိန်မှာ လိုက်လက်စအမှုပေါင်း ၂၅ မှုကျော် ကျန်နေတယ်လို့ သိရပါတယ်။
မင်းညို










