သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာ ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာဟာ လုံလောက်တဲ့ ဆေးကုသခွင့် ပိတ်ပင်ခံထားရတာကြောင့် နိုဝင်ဘာ ၁၆ ရက် ညပိုင်းက သာယာဝတီဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆီးချို၊ သွေးချိုရောဂါ အခံရှိသူ ဒေါ်သီတာဟာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် ဆေးဝါးစောင့်ရှောက်မှု လုံလုံလောက်လောက် မရခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်အတွင်း လေဖြတ်ဝေဒနာ ခံစားခဲ့ရတာပါ။
အဲဒီနောက် ၂ နှစ်နီးပါးအကြာ နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မိသားစုဆီ အကြောင်းကြားခဲ့ပြီး နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီလောက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ထောင်အာဏာပိုင်တွေဟာ ဒေါ်သီတာ ကွယ်လွန်ရတဲ့အကြောင်းရင်းနဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေကို မိသားစုဝင်တွေဆီ အသိပေးဖို့ ပိတ်ပင်တားဆီးခဲ့တယ်လို့ WOPP က ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၇ ရက်နေ့ သင်္ဂြိုဟ်ရာမှာလည်း မိသားစုဝင်တွေကို လာရောက်ခွင့်ပြုခဲ့ပေမဲ့ ဓာတ်ပုံရိုက်ကူးခွင့်ကို လုံးဝပိတ်ပင်ခဲ့ပြီး အရိုးပြာအိုးကိုပဲ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေါ်သီတာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှာ နေအိမ်မှာတင် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။











