
မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ၀န်းကျင် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာ၊ လိုအပ်တဲ့ ဆေးဝါး အပြင်ကနေ မရရှိတာ၊ သန့်ရှင်းရေးနဲ့ သောက်သုံးရေ အခက်အခဲ၊ အမျိုးသမီးကျန်းမာရေးနဲ့ ဆိုင်တဲ့ ဆေးဝါးအကူအညီ လုံလောက်စွာ မရရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်ခံရမှုတွေ စတဲ့ ပြင်းထန်တဲ့ အခက်အခဲအမျိုးမျိုးကို အခုချိန်ထိ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကလည်း စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံရေးအကျဉ်းသူတွေဟာ ရိုက်နှက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ ညစ်ပတ်စက်ဆုပ်ဖွယ် အခြေအနေတွေမှာ ထားရှိခံရတာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မီးဖွားစဉ် ဒါမှမဟုတ် မီးမဖွားမီ လိုအပ်တဲ့ ဆေးဝါးကုသခွင့်တွေကို စိုးရိမ်ဖွယ်ရာနဲ့ အသက်အန္တရာယ်ရှိတဲ့အထိ ငြင်းပယ်ခံရတာ ရှိတယ်လို့ အကျဉ်းသားဟောင်းနဲ့ မိသာစု၀င်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေ ပြန်လွတ်မြောက်လာတဲ့အခါ ပတ်ဝန်းကျင်နဲ့ အသားတကျနေထိုင်နိုင်ဖို့ အခက်အခဲတွေ ရှိသလို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရမှာလည်း ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေ၊ ကျန်းမာရေး အခက်အခဲတွေ၊ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ဖိနှိပ်ခံရမှုတွေကို ဖော်ထုတ်ပေးနိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။
အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံရေးအကျဉ်းသူများအရေးကိစ္စကို မိတ်ဖက်အဖွဲ့အစည်းတွေ၊ မိဘပြည်သူတွေနဲ့ ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်နေတာလို့ ဆိုပါတယ်။











