DVB Logo
Home
Lead Story
နိုင်ငံရေးအကျဉ်းသူများ ညှဉ်းပန်းနှိပ်စက်ခံရမှုအခြေအနေ ဆက်သွယ်မေးမြန်းချက်
DVB
·
October 30, 2026
Photo: Women's Organization Of Political Prisoners
Photo: Women's Organization Of Political Prisoners
Donate to DVB

မြန်မာနိုင်ငံတဝန်းက စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေးစခန်းတွေမှာ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ပြန်ကြားရေးတာ၀န်ခံ မဆုမြတ်ဇော်ကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး - မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူ အရေအတွက် အများဆုံးရှိနေတာ ဘယ်ထောင်လဲ၊ ဘယ်နှယောက်လောက် ရှိမလဲ။

ဖြေ - “မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာဆို အကျဉ်းသူအများဆုံးက အင်းစိန်ထောင်ပါ။ ဘယ်နှယောက်ရှိမလဲ ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသူတွေကတော့ ပြောဖို့တော့ ခက်ခဲပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့တွေက အချိန်နဲ့အမျှ အမြဲတမ်း ထောင်ပြောင်း ထောင်ရွှေ့ လုပ်နေတာ ဆိုတော့လေ။”

မေး - နိုင်ငံရေးအကျဉ်းသူတွေ အနှိပ်စက်ခံရဆုံး အကျဉ်းထောင်က ဘယ်ထောင်လဲ၊ ဘယ်လိုတွေ နှိပ်စက်လဲ။

ဖြေ - “ဒီနိုင်ငံရေးအကျဉ်းသူတွေ နှိပ်စက်ခံရဆုံး ထောင်တွေလို့ ပြောရမယ်ဆိုရင်‌တော့ အိုးဘိုထောင်၊ ဒိုက်ဦးထောင်၊ အင်းစိန်ထောင် အဲဒီလိုမျိုးတွေမှာ အော် ပြီးသွားတော့ ပြည်ထောင်၊ သာယာ၀တီထောင်တို့ပေါ့။ အဲဒီလိုနေရာတွေမှာ ပိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေ ရှိပါတယ်။”

မေး - လက်ရှိ နိုင်ငံရေးအကျဉ်းသူ ဘယ်နှယောက် ကျဆုံးသွားခဲ့လဲ။ ဘယ်နှယောက် ရှိလဲ။

ဖြေ - “ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူ အရေအတွက်ပေါင်းလို့ ပြောရမယ်ဆိုရင်တော့ ကျမတို့ အနေနဲ့ကတော့ ဟို သတင်းရယူနိုင်ဖို့အတွက် လက်လှမ်းမမီနိုင်ဘူးပေါ့။ ခက်ခဲတဲ့အခြေအနေမှာ ရှိတယ်။ အနည်းဆုံးကတော့ ၄၀ ကျော်မှာ ရှိနေပါတယ်။”

မေး - နိုင်ငံရေးအကျဉ်းသူတွေအပေါ် အာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် နှိပ်စက်မှုတွေ ရှိလား။

ဖြေ - “နိုင်ငံရေးအကျဉ်းသူတွေအပေါ်မှာ အာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် နှိပ်စက်မှု ရှိလား ဆိုရင်တော့ ရှိတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တွေ စတင်ဖမ်းခံရချိန်တည်းက နေပြီးတော့ အကျဉ်းထောင် ရောက်ရှိချိန်ထိ အတွင်းထဲကိုပေါ့။ အကျဉ်းထောင်အတွင်း တောက်လျှောက်က ဒီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက အမြဲလိုလို ရှိနေတာပါ။ ဖမ်းဆီးခံရချိန် အနည်းဆုံးတော့ ကျမတို့ ရုံးထွက်တော့မယ်ဆိုရင် ဒီရုံးထွက်မှာ ဟို စစ်ဆေးတဲ့ အခြေအနေက ဒီအမျိုးသမီးတွေရဲ့ ဟို Private Area တွေကိုပါ ထိပါးပြီးတော့ စစ်ဆေးတဲ့ အခြေအနေတွေပေါ့ အဲဒီလိုမျိုးတွေ ရှိတယ်။ ဒါတွေကို ကျမတို့အနေနဲ့ ကန့်ကွက်ခဲ့ရင်တောင်မှ အဆင်မပြေတဲ့ အခြေအနေမျိုးပါ။ ဒီလိုမျိုးတွေ ကျမတို့ အမြဲတမ်း ကြုံတွေ့နေရတာ ရှိတယ်။ ပြီးသွားတော့ ဒါ ကျမကိုယ်တိုင် ကြုံတွေ့ရတဲ့ အခြေအနေပေါ့။ အဲဒါက ဘယ်လိုမျိုးလဲဆိုရင် ဒိုက်ဦးအကျဉ်းထောင်မှာဆိုရင်တောင်မှ ဟို ရေချိုးတဲ့နေရာမှာ အကာအရံ မရှိတဲ့အတွက် ဒီ ဟို အကျဉ်းထောင်အမျိုးသား ဝန်ထမ်းတွေကနေပြီးတော့ သူတို့ မျှော်စင်ပေါ်က နေပြီးတော့ အမြဲတမ်း မျက်စိအရသာခံပြီးတော့ ထိုင်ကြည့်ခံနေရတဲ့ အခြေအနေမျိုးပေါ့။ အဲဒီလိုမျိုး ကျမတို့ ကြုံတွေ့နေရတာပါ။”

“အမျိုးသမီးတွေ ဖမ်းဆီးခံရတဲ့အခါ အမျိုးသားတွေနဲ့ မတူတဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုနဲ့ ခွဲခြားနှိမ့်ချမှုတွေကို ပစ်မှတ်ထား ကြုံတွေ့ကြရပါတယ်။ ကျမတို့အနေနဲ့ တွေ့ရှိထားတဲ့ ပုံစံတွေကတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာနဲ့ ခြိမ်းခြောက်တာတွေရှိတယ်။ ဥပမာ - စစ်ကြောရေးနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ အမျိုးသမီးတွေကို မတော်မတရား ပြုကျင့်မယ် ဆိုတဲ့စကားနဲ့ ခြိမ်းခြောက်တယ်။ ရိုင်းစိုင်းတဲ့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဆဲဆို ကြိမ်းမောင်းတာတွေအပြင် ရုပ်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေ၊ Rape Case ကျူးလွန်တာတွေကို လုပ်ကြပါတယ်။ နောက်တမျိုးကတော့ အွန်လိုင်းမှာ အသုံးပြုထားတဲ့ Profile, ဓာတ်ပုံနဲ့ စာတွေကို အကြောင်းပြပြီး အမျိုးသမီးရဲ့ စာရိတ္တကို စော်ကားတာ၊ Body Shaming လုပ်တာအပြင် မိသားစု ဂုဏ်သိက္ခာကို အရှက်ခွဲတာမျိုးလို သိက္ခာချ အရှက်ခွဲတာတွေကို လုပ်ကြပါတယ်။ ဒါ့အပြင် ဖမ်းဆီးစစ်ဆေးရာမှာလည်း မိသားစုဝင်တွေကို ဖမ်းဆီးမယ်၊ ဒုက္ခပေးမယ် ဆိုပြီး မဆိုင်တဲ့ မိသားစုကို အကြောင်းပြပြီး ခြိမ်းခြောက်ဝန်ခံခိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုလိုမျိုး၊ အမှန်တကယ်လည်း မိသားစုဝင်တွေကို ဖမ်းဆီးတာ ရိုက်နှက်တာတွေ ပြုလုပ်ပြီး မိသားစုကို အာမခံချက်မရှိအောင် ပြုလုပ်တာမျိုးတွေ လုပ်ကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအတွက် လိုအပ်တဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးတာမျိုးတွေလည်း လုပ်လေ့ရှိကြတယ်။”

မေး - နိုင်ငံရေးအကျဉ်းသူတွေအတွက် အဓိက လိုအပ်နေတာ ဘာတွေလဲ သိပါရစေ။

ဖြေ - “နိုင်ငံရေးအကျဉ်းသူတွေ အဓိက လိုအပ်နေတာကတော့ လက်ရှိမှာဆိုရင် အာဟာရပြည့်၀ဖို့ အတွက် အစားအသောက်ပေါ့။ ပြီးတော့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်နဲ့ လိုအပ်တဲ့ ဆေးဝါး အဲဒါကတော့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်အသုံးပြုမှုမှာ လိုအပ်တဲ့ ရေအလုံအလောက် ရရှိဖို့ကော သောက်သုံးရေအတွက်ကော သန့်ရှင်းတဲ့ရေရဖို့ လိုအပ်တယ်ဗျ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013