
မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူတွေဟာ အချိန်နဲ့အမျှ ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ပြန်ကြာရေးတာ၀န်ခံ မဆုမြတ်ဇော်က DVB ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေ အနှိပ်စက်ခံရဆုံးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအများဆုံး ထောင်တွေကတော့ အိုးဘိုထောင်၊ ဒိုက်ဦးထောင်၊ အင်းစိန်ထောင်၊ ပြည်ထောင်နဲ့ သာယာဝတီထောင်တို့ ဖြစ်တယ်လို့ မဆုမြတ်ဇော်က ပြောပါတယ်။
ထောင်တွင်းဖမ်းဆီးခံထားရစဉ်အတွင်း ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အရေအတွက်မှာ သတင်းရယူဖို့ လက်လှမ်းမမီနိုင်လို့ အတိအကျ မသိရပေမဲ့ အနည်းဆုံး ၄၀ ကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအကျဉ်းသူတွေအတွက် အဓိကလိုအပ်ချက်မှာ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ လိုအပ်တဲ့ ဆေးဝါးအပြင် နေ့စဉ်သုံးနဲ့ သောက်သုံးဖို့အတွက် သန့်ရှင်းတဲ့ရေ အလုံအလောက် ရရှိရေးတို့ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
အကျဉ်းထောင်တွေနဲ့ စစ်ကြောရေးမှာ အမျိုးသမီးတွေအပေါ် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုနဲ့ ခွဲခြားနှိမ့်ချမှုတွေ အမြဲလိုလို ရှိနေကြောင်း သိရပါတယ်။
ဖမ်းဆီးခံရချိန်ကနေ အကျဉ်းထောင်အတွင်း ရုံးထွက်စစ်ဆေးရာမှာ Private Area တွေကိုပါ ထိပါးစစ်ဆေးတာတွေ ကြုံတွေ့ရပြီး ကန့်ကွက်ရင်လည်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ ဒီလိုကိစ္စမျိုး ကြုံတွေ့ခဲ့ရတယ်လို့ ကာယကံရှင်တွေ ကိုယ်တိုင်က ပြောတယ်လို့ ဆိုပါတယ်။
မဆုမြတ်ဇော်က “ဥပမာအားဖြင့် ဒိုက်ဦးအကျဉ်းထောင်မှာ ရေချိုးရာမှာ အကာအရံ မရှိတာကြောင့် အမျိုးသားဝန်ထမ်းတွေက မျှော်စင်ပေါ်ကနေ ထိုင်ကြည့်တာလို လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုတွေကို ကြုံရတယ်” လို့ ပြောပါတယ်။
စစ်ကြောရေးစခန်းတွေမှာ မတော်မတရား ပြုကျင့်မယ်လို့ ခြိမ်းခြောက်တာ၊ ရိုင်းစိုင်းတဲ့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဆဲဆိုတာ၊ အွန်လိုင်းရှိ ပရိုဖိုင်နဲ့ ဓာတ်ပုံတွေကို အကြောင်းပြုပြီး စာရိတ္တစော်ကားတာ၊ Body Shaming လုပ်တာနဲ့ မိသားစုဂုဏ်သိက္ခာကို အရှက်ခွဲတာတွေကိုပါ လုပ်ဆောင်ကြတယ်လို့ ပြောပါတယ်။
မဆိုင်တဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးရိုက်နှက် ခြိမ်းခြောက်ဝန်ခံခိုင်းတာ၊ အမျိုးသမီးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို အကြောင်းပြချက် မျိုးစုံနဲ့ ပိတ်ပင်တားဆီးတာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကိုပါ နိုင်ငံရေးအကျဉ်းသူတွေ အနေနဲ့ ဆက်လက် ရင်ဆိုင်နေကြရတာပါ။
မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ၀န်းကျင် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အင်းစိန်ထောင်မှာ အကျဉ်းသူအများဆုံး ရှိနေပေမဲ့ အချိန်နဲ့အမျှ အမြဲတမ်း ထောင်ပြောင်းရွှေ့ခံနေရလို့ နိုင်ငံရေးအကျဉ်းသူစာရင်း အတိအကျထုတ်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။











