
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြိုနယ်၊ ကန်ကောက်ရပ်ကွက်မှာ နိုဝင်ဘာ ၄ ရက် တရက်တည်းမှာ သေနတ်ပစ်ဖောက်ပြီး လုယက်မှု ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီက ကန်ကောက်ရပ်ကွက်၊ ရွှေယဥ်မွန်ရပ်၊ ၅၈ လမ်း၊ ၃၂ လမ်းနဲ့ ၃၂ A လမ်းကြားရှိ Lwin ဖုန်းဆိုင်ကို အမျိုးသားတယောက်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး ရောင်းရငွေနဲ့ ဖုန်းတွေ လုယူသွားတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဖုန်းဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်တယ်။ ဖုန်းကောင်တာမှန်ကို ရိုက်ခွဲပြီး ဖုန်းတွေ ယူသွားတယ်။ ဘယ်လောက်ပါသွားလဲတော့ မသိဘူး။ ၃ နာရီလောက်ကလည်း ကန်ကေက်ရပ်ကွက်မှာပဲ ဆိုလာဆိုင်ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး ငွေတောင်းသွားတာ ရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူး။”
နေ့လယ် ၃ နာရီကျော်ကလည်း ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားမှာရှိတဲ့ ဆိုလာဆိုင်တဆိုင်ကို အမည်မသိ အမျိုးသားတယောက်က သေနတ်ပစ်ဖောက်ကာ ငွေတောင်းခဲ့တယ်လို့ သူကပြောပါတယ်။
“ဖုန်းဆိုင်ရော ဆိုလာဆိုင်ရော သေနတ်ပစ်ဖောက်ပြီး လုယက်တာ တယောက်တည်းပဲ။ ရဲတွေက CCTV မှတ်တမ်းနဲ့ လိုက်နေတယ်။ အခုထိတော့ မမိသေးဘူး။”
CCTV မှတ်တမ်းအရ ပြစ်မှုကျူးလွန်သူကို ချမ်းအေးသာစံမြို့နယ်အတွင်း အာဏာရှင်စစ်တပ်နဲ့ ရဲတွေက ရှာဖွေနေပေမဲ့ အခုချိန်ထိ ဖမ်းမမိသေးဘူးလို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် မနက် ၇ နာရီကလည်း ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးအနီးမှာ စည်ပင်ဝန်ထမ်းတယောက်ကို သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယက်သွားပါတယ်။











