
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးအနီးမှာ အောက်တိုဘာ ၂၉ ရက် မနက် ၇ နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတယောက် သတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းတွေ လုယက်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနက် ၇ နာရီဝန်းကျင်က ကညနရုံးအနီးရှိ အိမ်စီးကားပေါ်မှာ အမျိုးသားတယောက် ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို လမ်းသွားလမ်းလာတွေက မြင်တွေ့ခဲ့ရတာကြောင့် ရဲစခန်းနဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ဘယ်အချိန်ကတည်းက သတ်သွားလဲတော့ မသိပါဘူး။ မျက်နှာမှာရော လည်ပင်းမှာပါ ဓားဒဏ်ရာ ၈ ချက်လောက် ရှိပါတယ်။ အသတ်ခံရတဲ့သူက ဘီယာဆိုင်လည်း ပိုင်တယ်၊ စည်ပင်ဝန်ထမ်းလို့လည်း သိရပါတယ်။”
အခင်းဖြစ်ပွားရာနေရာကို စစ်အာဏာရှင်လက်အောက်ခံ ရဲအဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးခဲ့ကြသလို ရုပ်အလောင်းကိုလည်း မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ် ကိုမျိုးသန့် ဖြစ်ပြီး ၈၁ လမ်းနဲ့ ၄၀ လမ်းထောင့်မှာ “ခန့်ကြီး” စားသောက်ဆိုင်ကို ဖွင့်လှစ်ထားသူဖြစ်သလို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနက ဝန်ထမ်းတယောက်ဖြစ်ကြောင်း စည်ပင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဘီယာဆိုင်ပိတ်ပြီး အိမ်ကိုပြန်လာတဲ့အချိန် လုယက်သတ်ဖြတ်ခံရတာပါ။ ဆွဲကြိုးနဲ့ ဟန်းချိန်း ပါသွားတယ်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ပါမယ်။ သူက မော်တော်ယာဉ်ဌာနခွဲက ယာဉ်မောင်းဝန်ထမ်းပါ၊ သူ့ဦးလေးကလည်း စည်ပင်က အရာရှိပါ။ လုယက်မှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။”
လက်ရှိမှာ အဆိုပါ လုယက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၁ နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားပါတယ်။
ဇွန် ၁၇ ရက်တုန်းကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ စည်ပင် ဝန်ထမ်းလိုင်းခန်းမှာ စည်ပင်ဝန်ထမ်းတယောက် ဓားနဲ့ခုတ်ခံရပြီး ဖုန်းလုယက်ခံခဲ့ရပါတယ်။











