
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း မိုင်တိုင် ၁၉ မှာ အောက်တိုဘာ ၂၄ ရက် မနေ့ညဦးပိုင်းက နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစီး မတော်တဆမှုဖြစ်ကာ ချောက်ထဲ ထိုးကျသွားတာကြောင့် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ည ၆ နာရီဝန်းကျင်က ပြင်ဦးလွင်မြို့မှ မန္တလေးဘက်ကို ဆင်းလာတဲ့ နယူးစ်မန္တလာထွန်း ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစီးဟာ မိုင်တိုင် ၁၉ အရောက်မှာ ဘရိတ်ပေါက်ပြီး ပြင်ဦးလွင်ဘက်သို့ မောင်းနှင်လာသည့် AD Van အမျိုးအစား အငှားယာဉ်ကို တိုက်မိပြီး ချောက်ထဲ ထိုးကျသွားတာလို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အငှားယာဉ်မောင်းနဲ့ Express ယာဉ်ပေါ်က ခရီးသည် ၆ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းတွေက သတင်းထုတ်ပြန်ပါတယ်။
အခင်းဖြစ်နေရာကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့ကြပြီး အချိန် ၅ နာရီလောက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေသူတွေရှိတဲ့အပြင် ဆေးရုံမှာ ထပ်ဆုံးတဲ့သူတွေရှိတယ်လို့ သတင်းထွက်နေပေမဲ့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းတခုက တာဝန်ရှိသူတယောက်ကတော့ ပျောက်တဲ့သူ မရှိဘူးလို့ DVB ကို ပြောပါတယ်။
မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူက “မပျောက်ပါဘူးဗျ။ အကုန်လုံးစာရင်းကိုက်ပါတယ်။ ဆေးရုံမှာ ထပ်ဆုံးတာ ရှိ မရှိကိုတော့ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့က ဆေးရုံပို့ပြီး ပြန်ခဲ့တာဆိုတော့လေ" လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် Express ယာဉ်ပေါ်မှာ ခရီးသည် ၂၈ ယောက် လိုက်ပါလာတာဖြစ်ပြီး ခရီးသည် ၁၂ ယောက်လောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့လို့ လူနာတွေကို ပြင်ဦးလွင်နဲ့ မန္တလေးဆေးရုံကို ညတွင်းချင်း ပို့ထားတယ်လို့ သိရပါတယ်။











