
မန္တလေးတိုင်း၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံနဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ သေနတ်ပြ ခြိမ်းခြောက် လုယက်မှုတွေနဲ့ အမျိုးသား ၃ ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေကို ကျူးလွန်ခဲ့သူလို့ စွပ်စွဲ ခံထားရတဲ့ အသက် ၂၇ နှစ်အရွယ် နေလင်းအောင် ဆိုသူကို စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပုသိမ်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာအရှေ့ဘက်ရှိ သရက်ခြံ တခုအတွင်းကနေ နေလင်းအောင်ကို ပစ္စတိုသေနတ်တလက်၊ ကျည်တတောင့်၊ လက်ကိုင်ဖုန်း ၂ လုံးတို့နဲ့အတူ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သူ့ကို လုယက်မှုတွေနဲ့ လူသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး စုံစမ်းရာကနေ ဖမ်းဆီးရမိတာပါ။ လက်ရှိမှာလည်း အရင်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
စစ်ဆေးချက်တွေအရ နေလင်းအောင်ဟာ အောက်တိုဘာ ၂၆ ရက်က ဘေဘီစတိုးဆိုင်မှာ ငွေကျပ် ၅ သိန်းနဲ့ နိုဝင်ဘာ ၄ ရက်က လွင်မိုဘိုင်းဖုန်းဆိုင်မှာ လက်ကိုင်ဖုန်း ၅ လုံးတို့ကို သေနတ်ပြ ခြိမ်းခြောက်ပြီး လုယက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်က ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာမှာ ဖုန်းဆိုင်ပိုင်ရှင် ကိုအောင်မျိုးသန့်၊ ကိုမောင်(ခ)မိုးကျော်အောင်နဲ့ ဦးပေလုံး(ခ)မင်းလွင်တို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ လည်း ပါဝင်ပတ်သက်ကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ နေလင်းအောင်ကို သက်ဆိုင်ရာရဲစခန်းတွေမှာ အမှု ၆ မှုနဲ့ အရေးယူထားပြီး အလားတူ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှု ရှိ၊ မရှိနဲ့ ကျူးလွန်ခဲ့မှုအသေးစိတ်အခြေအနေတွေကို ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။











