
စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်အာဏာရှင်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေတာကြောင့် ၁၀ ရက်ဆက်တိုက် တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၈ ရက်က အုန်းတောအခြေစိုက် အမှတ် ၇၂ သံချပ်ကာတပ်ရင်းက ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင်ကို တပ်တွင်းဖရဲသီးတွေနဲ့ အသွင်ပြောင်း အလင်းဝင်သွားတဲ့ တော်လှန်ရေးသမားတွေရဲ့ တိကျတဲ့ သတင်းပေးမှုအရ စစ်ကိုင်း ကံတလူတိုးဂိတ် အနီးမှာ ဖမ်းဆီးရမိပါတယ်။
စစ်အာဏာရှင်တပ်က ဗိုလ်မှူးကြီးဇော်မျိုးတင်ဟာ တော်လှန်ရေးရဲဘော် ကိုင်ဆောင်ထားတဲ့ လက်နက်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပဲ သေဆုံးခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဘက်က စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား အနောက်ဘက်ခြမ်း၊ အနောက်တာရှိ ကျေးရွာတွေနဲ့ ရွာသစ်ကြီးမြို့ အနောက်ဘက်ခြမ်း ကျေးရွာတွေကို အောက်တိုဘာ ၁၉ ရက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ရုရှားလုပ် Mi-35 ရဟတ်ယာဉ်နဲ့ အဆိုပါရွာအနှံ့ ပတ်ပြီး ၁၀ ကြိမ်ထက်မနည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စေတီပုထိုးအချို့နဲ့ အရပ်သားနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သလို နွားတချို့ သေဆုံးခဲ့ပါတယ်။
စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ စစ်အာဏာရှင်တပ်သားတွေဟာ ပြည်သူတွေရဲ့ လက်ဝတ်ရတနာ၊ ပိုက်ဆံ၊ ဖုန်းတွေကို အတင်းအဓမ္မ လုယက်ယူဆောင်သွားခဲ့ပြီး ပြည်သူတွေ ဝတ်ဆင်ထားတဲ့ နားကပ်တွေကိုပါ အတင်းအဓမ္မ ချွတ်ယူသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်သားတွေဟာ အနောက်တာရွာဘက်ရှိ နေထိုင်ကြတဲ့ ပြည်သူတွေဆီကနေ တအိမ်ကို ကျပ် ၃၀,၀၀၀ နှုန်းနဲ့ ဆက်ကြေး ကောက်ခံနေတယ်လို့ သိရပါတယ်။
ရွာသစ်ကြီးကျေးရွာ အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးရင် ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့တဲ့အပြင် ရွာသစ်ကြီးအနောက်ဘက်ရှိ ကျေးရွာတရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် အားကောင်းတဲ့ စစ်ကိုင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်ဘက်မှာ တပ်မ ၃၃၊ အမြောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ ရဲတပ်ရင်း အပါအ၀င် ပျူစောထီးအဖွဲ့ အခြေစိုက်ပါတယ်။











