
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ အောက်ဇီးကိုင်းကျေးရွာအနီးကို ဩဂုတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့နယ်နဲ့ တဖက်ကမ်းမှာရှိတဲ့ မိုးစဲကျွန်းရှိ အောက်ဇီးကိုင်းကျေးရွာအနီးရှိ လယ်ကွင်းပြင်ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် တစီးနဲ့ ပေါင် ၃၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပျိုးစိုက်နေတဲ့ ဒေသခံ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရသေ့တောင်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အောက်ဇီးကိုင်းရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ ဗုံးက ပေါင် ၃၀၀ ဗုံးတလုံး ကြဲချသွားတာ။ ရွာထဲမှာမကျလို့ အနည်းငယ် တော်သေးတယ်။ လယ်ပြင်မှာ ပျိုးစိုက်နေတဲ့ အမျိုးသမီးတဦးကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ အသက်အန္တရာယ်အထိတော့ စိုးရိမ်စရာမရှိဘူး။ အခု ဆေးကုသမှု ခံယူနေတယ်။”
၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ မိုးစဲကျွန်းဟာ စစ်တွေမြို့နယ်နဲ့ တဖက်ကမ်းမှာ တည်ရှိပြီး စစ်တွေနဲ့ အနီးဆုံးကမ်းမှာရှိတဲ့ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ မကြာခဏ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဩဂုတ် ၁၆ ရက် မနက်ပိုင်းကလည်း စစ်အာဏာရှင်တပ်က သံတွဲမြို့ အမှတ် ၈ ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ခံ သားအဖနှစ်ယောက် ထိခိုက်သေဆုံးပြီး နောက်ထပ်လည်း အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇူလိုင်လနဲ့ ဩဂုတ်အတွင်းမှာ နေ့တိုင်းဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာကြောင့် အရပ်သား သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူဟာ ၂၀၀ ကျော်အထိ ရှိလာပါတယ်။











