
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ထဲမှာ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေပါဝင်တဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းသားတွေ အယောက် ၅၀ လောက် ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့ထဲမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ဆောင်နေကြောင်း သတင်း ရတာ ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၇ မွန်းတည့်ချိန်လောက်က ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (အတွင်းပိုင်း)ရပ်ကွက်ရှိ လိုမာဟိုတယ်အနီးမှာ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေရာကနေ အွန်လိုင်းလောင်းကစားမှုနဲ့ ပတ်သက်တဲ့ တရုတ်အမျိုးသား ၃ ယောက်၊ မြန်မာအမျိုးသမီး ၆ ယောက်တို့ကို ကွန်ပြူတာ ၃ လုံး၊ လက်ပ်တော့ပ် ၁၃ လုံး၊ ဖုန်းမျိုးစုံ ၃၂၀ လုံး၊ တက်ပလက် မျိုးစုံ ၁၀၈ လုံး၊ ပရင်တာ ၁ လုံး၊ ဝိုင်ဖိုင် စက် ၆ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သက် သေအဖြစ် ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်တာမှာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် လောက်မှာတော့ အဆိုပါဝိန်းကျောက်ရပ်ကွက်ထဲမှာဘဲ နေအိမ်တအိမ်ကနေ နောက်ထပ် အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းကျူးလွန်တဲ့ တရုတ်အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၁ ယောက်၊ မြန်မာအမျိုးသား ၂၇ ယောက်၊ အမျိုးသမီး ၇ ယောက် ပေါင်း ၄၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
သူတို့နဲ့အတူ ကွန်ပြူတာ ၂၃ လုံး ၊ မော်နီတာ ၁ လုံး ၊ System ပုံး ၁ လုံး ၊ ဖုန်းမျိုးစုံ ၅၂ လုံး ၊ ဆက်စပ်ပစ္စည်းတွေကိုပါ သက်သေအဖြစ်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေရာ ၂ ခုကနေ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ စုစုပေါင်း ၅၂ ယောက်ကို ဖမ်းမိခဲ့ တာဖြစ်ပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်၊ နောက်ကွယ်မှာ ပါဝင် ပတ်သက်သူတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး သက်သေခံပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးသတင်မှာ ဖော်ပြပါတယ်။










