DVB Logo
Home
Lead Story
ကျားဖြန့်ဂိုဏ်းမှ ထွက်ပြေးသူများ ပစ်သတ်ခံရမှု ပါဝင်သည့် ရုပ်သံမှတ်တမ်း တရုတ်မီဒီယာ ထုတ်လွှင့်  
DVB
·
October 7, 2026
Photo: CCTV
Photo: CCTV
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကျားဖြန့်စခန်းကနေ ထွက်ပြေးတဲ့ တရုတ်နိုင်ငံသား ၂၀ ကျော်ကို AK-47  သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာတွေပါဝင်တဲ့ ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းကို တရုတ်နိုင်ငံပိုင် ရုပ်သံ  CCTV ကနေ အခု သီတင်းပတ်မှာ ထုတ်လွှင့်ပြသလိုက်ပါတယ်။

တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ တရုတ်မီဒီယာအုပ်စု (CMG) တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ “မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏နိဂုံး” (The Demise of Myanmar-Based Telecom Fraud) ဆိုတဲ့ ရုပ်သံမှတ်တမ်းကို တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ   အပိုင်း ၃ ပိုင်းခွဲပြီး ထုတ်လွှင့်ပြသနေတာပါ။

ဒီရုပ်သံမှတ်တမ်းမှာ မြန်မာနိုင်ငံက ကျားဖြန့် (အွန်လိုင်းငွေလိမ်) စခန်းတခုကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံသား ၂၀ ကျော်ကို လက်နက်ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေက တားဆီးပြီး AK-47 မောင်းပြန်ရိုင်ဖယ်တွေနဲ့ အနီးကပ် ပစ်ခတ်ခဲ့တာကြောင့် ၆  ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တဲ့ သွေးထွက်သံယို ပစ်ခတ်မှု အသေးစိတ်ကို  ဖော်ထုတ်ပြသွားပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  ဒီတရုတ်နိုင်ငံသားတွေဟာ ကျားဖြန့်စခန်းမှာ အလုပ်လုပ်နေကြသူတွေဖြစ်ကာ အကြမ်းဖက် အကျပ်ကိုင်ခံရပြီးနောက် ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

“ကျနော်တို့ လွတ်မြောက်နိုင်မယ်၊ တရုတ်ပြည်ကို ပြန်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ကြတာပါ။ သူတို့ တိုက်ရိုက်ကြီး စတင်ပစ်ခတ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”လို့ ဝူ ဆိုတဲ့ သက်ရှိထင်ရှား ကျန်ရစ်သူတယောက်က ပြန်ပြောပြခဲ့ပါတယ်။ “သေနတ်နဲ့ ပစ်တာ ၁၀ စက္ကန့်လောက် ကြာပါတယ်” လို့လည်း ဝူ က ဆိုပါတယ်။

တရုတ်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ လင်းကျန်း ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပစ်မိန့်ပေးခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လင်းကျန်းဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အဓိကရာဇဝတ်ဂိုဏ်းကြီး ၄ ခုထဲက တခုဖြစ်တဲ့ ပယ်မျိုးနွယ်စုနဲ့ ဆက်နွှယ်နေတဲ့ “တင့်လုံ” ကုမ္ပဏီထံမှ တရုတ်နိုင်ငံသား အယောက် ၃၀ ကို သူ ပိုင်တဲ့ “ကျင်းရှင်း” ကုမ္ပဏီအောက်ကို လွှဲပြောင်းရယူခဲ့ပြီး အမြတ်ဝေစုခွဲစနစ်နဲ့ အွန်လိုင်းရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတွေမှာ ပါဝင်စေခဲ့ကြောင်း သိရပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ စခန်းရဲ့ တချို့နေရာတွေမှာ သန့်ရှင်းရေးလုပ်ထားတဲ့ သွေးကွက်ရာတွေကို ရှာဖွေတွေ့ရှိခဲ့သလို ကျည်ဆန်အစအနတွေကနေလည်း DNA ဇီဝအထောက်အထားတွေ ရယူနိုင်ခဲ့ပါတယ်။ ဒီမှုခင်းအထောက်အထားတွေက စုံစမ်းစစ်ဆေးမှုလမ်းကြောင်းကို အတည်ပြုနိုင်ဖို့ အကူအညီဖြစ်စေခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံက ဥပဒေစိုးမိုးရေး အာဏာပိုင်တွေရဲ့ ကူညီမှုနဲ့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့သူ၊ ရုပ်အလောင်းတွေကို မြှုပ်နှံခဲ့သူ မြန်မာနိုင်ငံသား ၆  ယောက်နဲ့အတူ လင်းကျန်းကိုပါ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းငွေလိမ်ကွန်ရက်တွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို မှတ်တမ်းတင်ထားတဲ့ အပိုင်း ၃ ပိုင်းပါ အဆိုပါ ရုပ်သံမှတ်တမ်းမှာ ကိုးကန့် ဒေသတွင်း “မိသားစုကြီး ၄ စု” လို့ လူသိများတဲ့ အဓိက ရာဇဝတ်အုပ်စု ၄ ခုကို ဖြိုခွဲခဲ့တဲ့ အသေးစိတ် ကြိုးပမ်းမှုတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ထင်ရှားတဲ့ ဂိုဏ်းခေါင်းဆောင်တွေ၊ နောက်ကွယ်မှ ငွေကြေးထောက်ပံ့သူတွေရဲ့ အကြောင်းတွေ တွေ့ဆုံမေးမြန်းချက်တွေလည်းပါဝင်ပြီး ဥပဒေမဲ့ စက်မှုဇုန်တွေထဲမှာ ပိတ်မိနေပြီး အဓမ္မ နှိပ်စက်ညှဉ်းပန်း ခိုင်းစေခံရတဲ့ ကျားဖြန့်အလုပ်သမားတွေ၊ ဘေးဒုက္ခကြုံခဲ့ရသူတွေရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံတွေကိုလည်း ရုပ်သံမှာ အသေးစိတ် ဖော်ပြထားပါတယ်။ 

ရွှေထွက်တဲ့မြေ ဆိုတဲ့ စိတ္တဇအိပ်မက်ကနေ ငရဲဘုံအဖြစ်သို့

ကျားဖြန့်စခန်းတွေရဲ့ မှောင်မိုက်လှတဲ့ နောက်ကွယ်က အမှန်တရားကို ရုပ်သံမှာ ဖော်ထုတ်ပြထားပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အွန်လိုင်းငွေလိမ်မှုတွေ အရှိန်မြင့်တက်နေချိန်က ချမ်းသာကြွယ်ဝလာမယ်ဆိုတဲ့ မျှော်လင့်ချက်အမှားနဲ့ လူအများအပြားဟာ ဒီဒေသကို စုပြုံရောက်ရှိခဲ့ကြတယ်လို့ဆိုပါတယ်။

ရာဇဝတ်ဂိုဏ်းတွေက လိမ်လည် ပုံဖော်ထားတဲ့  မှိုင်းလုံးတွေကို သတိမမူမိဘဲ လူတွေဟာ လမ်းမှား ရောက်လာကြတာလို့ ဆိုပါတယ်။  

ပွဲစားတွေက “မြန်မာနိုင်ငံမြောက်ပိုင်းဟာ ရွှေခင်းထားတဲ့မြေ ဖြစ်တယ်” ဆိုတဲ့ မမှန်မကန် ကတိကဝတ်တွေနဲ့ တရုတ်နိုင်ငံသားတွေကို နယ်စပ်ဖြတ်ကျော်ဖို့ ဆွဲဆောင်ခဲ့ကြတာပါ။ ဒါပေမဲ့ တရားမဝင် ခိုးဝင်သွားခဲ့ကြသူတွေအတွက်တော့ အဲဒါဟာ ထိတ်လန့်ဖွယ် အိပ်မက်ဆိုးရဲ့ အစဖြစ်ခဲ့ပါတယ်။

ထန် လို့သာ အမည်ဖော်ပြထားသူ သက်ရှိထင်ရှား ကျန်ရစ်သူတယောက်က  ၂၀၂၁ ခုနှစ်တုန်းက ‘ဝ’ ဒေသမှာရှိတဲ့ ကျားဖြန့်စခန်းတခုမှာ နေထိုင်ခဲ့ရပုံကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အလုပ်လုပ်အား မကောင်းတာကြောင့် ထန် ဟာ ယွမ် ၇၀,၀၀၀ တန် ကြွေးမြီစာချုပ်ကို အကျပ်ကိုင် လက်မှတ်ထိုးခိုင်းခံခဲ့ရပြီး စခန်းတခုပြီးတခုထံ အကြိမ်ကြိမ် ရောင်းစားခြင်း ခံခဲ့ရပါတယ်။

သူ့ရဲ့ အလုပ်လုပ်အားက တိုးတက်မလာတဲ့အခါ ဒဏ်ရာတွေ ပြည်တည်လာပြီး လမ်းတောင် မလျှောက်နိုင်တော့တဲ့အထိ နေ့စဉ် ရိုက်နှက်ခံခဲ့ရတယ်လို့ဆိုပါတယ်။

နောက်ဆုံးမှာတော့ ဖမ်းဆီးထားသူတွေက သူ့ရဲ့ ကြွေးမြီတွေကို ကျေပေးဖို့အတွက် သူ့ရဲ့ ကျောက်ကပ်ကို ထုတ်ယူဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ ထန် က အဲဒီအချိန်တုန်းက ဒီငရဲကနေ လွတ်မြောက်ချင်လွန်းလို့ သူ့ရဲ့ လက် ဒါမှမဟုတ် ခြေထောက်တွေကို ဖြတ်ပစ်မယ်ဆိုရင်တောင် ဝမ်းသာအားရ သဘောတူမိမှာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ကျောက်ကပ် အမျိုးအစားတူတဲ့ လက်ခံမဲ့သူ ရှာတွေ့သွားပြီးနောက် သူ့ကို ဝေးလံခေါင်ဖျားတဲ့ အိမ်ဝင်းတခုဆီ ခေါ်ဆောင်သွားပြီး ကျောက်ကပ်ကို ခွဲစိတ်ထုတ်ယူခဲ့ကြပါတယ်။

ဒါ့အပြင် ဒီရုပ်သံမှတ်တမ်းမှာ တရုတ်ပြည်တွင်းက ဘေးဒုက္ခကြုံတွေ့ခဲ့ရသူတွေရဲ့ ဝမ်းနည်းဖွယ် ဇာတ်လမ်းတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။ 

၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းက ဟေနန်ပြည်နယ်က မိခင်တယောက်ဟာ အွန်လိုင်းကနေ ဆက်သွယ်လာသူရဲ့ လှည့်ဖြားမှုကို ခံရပြီး မိသားစုရဲ့ စုဆောင်းငွေတွေနဲ့ အများပိုင် ရန်ပုံငွေအားလုံးကို လိမ်လည်လှည့်ဖြားတဲ့ ပလက်ဖောင်းတခုထဲ ရင်းနှီးမြှုပ်နှံခဲ့မိပါတယ်။

စီးပွားပျက်ကိန်း ဆိုက်သွားခဲ့ရတဲ့အတွက် သူဟာ ခင်ပွန်းဖြစ်သူနဲ့ ကလေးငယ် ၂ ယောက်ကို စွန့်ခွာပြီး မြစ်ထဲ ခုန်ချကာ သေကြောင်းကြံစည်သွားခဲ့ပါတယ်။

ကြွယ်ဝလှတဲ့ ဂိုဏ်းချုပ်ကြီးများနှင့် ဆန်းကြယ်သော ကြွားဝါမှုများ

အဆိုပါ ရုပ်သံမှတ်တမ်းမှာ ကျားဖြန့် ဂိုဏ်းချုပ်ကြီးတွေ မတရား စုဆောင်းထားတဲ့ မြောက်မြားလှစွာသော ပိုင်ဆိုင်မှု ဓနဥစ္စာတွေကို မီးမောင်းထိုးပြထားပါတယ်။ 

၂၀၂၃ ခုနှစ်မှာ တရုတ်ရဲတပ်ဖွဲ့ဟာ ပေါက်အိုက်ပန်းနဲ့ ဟိုချွန်းထျန်း အပါအဝင် ‘ ဝ’ ဒေသက အဓိက ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။

ဟိုချွန်းထျန်းဟာ အရင်က ဒေသတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး တယောက်ဖြစ်ခဲ့ပြီး ပေါက်အိုက်ပန်း ကတော့ ငွေစက္ကူတွေကို မှိုမတက်စေဖို့ အိမ်ခေါင်မိုးပေါ်နဲ့ အိမ်ဝင်းအတွင်း ထုတ်လှန်းရတဲ့အထိ ငွေသားအမြောက်အမြားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ပေါက်အိုက်ပန်း အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကော့က ပေါက်အိုက်ပန်းရဲ့ ကြွယ်ဝမှုပမာဏ ဘယ်လောက်များကြောင်း ထုတ်ဖော်ပြောကြားရာမှာ ပေါက်အိုက်ပန်ဆီမှာ ငွေသားတွေ သီးသန့်သိုလှောင်ဖို့ ထိန်းသိမ်းထားတဲ့ ဂိုဒေါင်ကြီးတခု ရှိကြောင်း ပြောခဲ့ပါတယ်။ “တကြိမ်မှာ အစောင့်တယောက်က တံခါးဝကနေ ယွမ် ၁၀ သန်းကျော် (ဒေါ်လာ ၁ ဒသမ ၅ သန်း) ခိုးယူသွားတာတောင် ပေါက်အိုက်ပန်းမှာ ပိုက်ဆံတွေ အများကြီးရှိလွန်းလို့ သတိတောင် မထားမိဘူး” လို့ ကော့ က ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။   

“မိသားစုကြီး ၄ စု” ဟာ ချမ်းသာတဲ့ နောက်ခံလူတွေကို ဆွဲဆောင်ဖို့ အကြီးစား ကျားဖြန့်စခန်းတွေကို တည်ဆောက်ခဲ့ပြီး ထိန်းချုပ်ဖို့ လက်နက်ကိုင်အင်အားကို အသုံးပြုခဲ့ကြပါတယ်။

သူတို့ရဲ့ အောက်ခြေအလုပ်သမားတွေကို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်တာ၊ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်တာ၊ ငွေကြေးအရ ခေါင်းပုံဖြတ်တာတွေ ပြုလုပ်ခဲ့ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းကို သူတို့ရဲ့ စက်ဆုပ်ဖွယ် စည်းစိမ်ဥစ္စာစုဆောင်းမှု သမိုင်းကြောင်းမှာ စီးပွားရေး “သော့ချက်အသစ်” အဖြစ် ပြောင်းလဲခဲ့ကြတာပါ။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မင်မျိုးနွယ်စု ဂိုဏ်းရဲ့ အဓိက ငွေကြေးထောက်ပံ့သူ ဝူဟုန်းမင်း ကိုလည်း အဆိုပါ ရုပ်သံမှတ်တမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

သူ့ပြစ်မှုတွေကို ပြန်လည်သုံးသပ်ရင်း ဝူ က “ဝံပုလွေဆိုတာ အသားစားဖို့ မွေးဖွားလာတာ၊ ခြင်္သေ့ဆိုတာ သိုးကို စားဖို့ မွေးဖွားလာတာ”လို့ အေးစက်စွာ မှတ်ချက်ပြုခဲ့ပါတယ်။ တရားစီရင်ပြီးနောက် ဝူ နဲ့ ဂိုဏ်းဝင် ၁၀ ယောက်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာ သေဒဏ်ပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာ တရုတ်နိုင်ငံအရှေ့ပိုင်း ဇဲ့ကျန်းပြည်နယ်၊ ဝမ်ကျိုးမြို့ ပြည်သူ့အစိုးရ ရှေ့နေရုံးက မြန်မာနိုင်ငံမြောက်ပိုင်းရှိ မင်မျိုးနွယ်စု ရာဇဝတ်ဂိုဏ်းရဲ့ အဓိကအမှုမှာ ပါဝင်ပတ်သက်သူ တရားခံ ၃၉  ယောက်ကို စွဲချက်တင် တရားစွဲဆိုခဲ့ပါတယ်။  

ဒါဟာ “မိသားစုကြီး ၄ စု” ကို ပထမဆုံးအကြိမ် တရားဥပဒေအရ အရေးယူတဲ့ ထိရောက်တဲ့ ခြေလှမ်းဖြစ်ပြီး ဒေသတွင်း အွန်လိုင်းငွေလိမ်မှုတွေနဲ့ ဆက်နွှယ်တဲ့ အဓိက ရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်ကို ပြသတာလို့ ဆိုပါတယ်။  

၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ မင်မျိုးနွယ်စု ရာဇဝတ်ဂိုဏ်းမှ တရားခံ ၂၃ ယောက်ကို ဝမ်ကျိုးမြို့ အလယ်အလတ် ပြည်သူ့တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ အဆိုပါ အမှုမှာ လူ ၁၆ ယောက် သေဆုံးခဲ့တဲ့ လူသတ်မှု ၁၂ မှု ပါဝင်ပြီး သီးခြား ရာဇဝတ်မှု စွဲချက် ၁၄ ခု ပါဝင်ခဲ့ပါတယ်။ တရားရုံးဟာ ဂိုဏ်းခေါင်းဆောင် မင်းဂေါ်ပင်းနဲ့ မင်းကျန်းကျန်း တို့အပါအဝင် တရားခံ ၁၁ ယောက် ကို သေဒဏ်ချမှတ်ခဲ့ပြီး တခြား ၅ ယောက်ကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဒါဟာ တရုတ်နိုင်ငံ ထူထောင်ပြီးနောက်ပိုင်း ပင်လယ်ရပ်ခြားမှာ အခြေစိုက်တဲ့ လက်နက်ကိုင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတခုအပေါ် ပထမဆုံးအကြိမ် တရားစီရင်ပိုင်ခွင့် အပြည့်အဝ ကျင့်သုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ 

ဒုစရိုက်ဂိုဏ်းကို ဖြိုခွဲခြင်းနှင့် နယ်စပ်ကျော်လွန် ဆောင်ရွက်မှုများ

ဒီရုပ်သံမှာ  နိုင်ငံရပ်ခြားမှာ ပုန်းအောင်းနေတဲ့ ရာဇဝတ်သမားတွေကို လိုက်လံဖမ်းဆီးဖို့ တရုတ် တရားစီရင်ရေး အာဏာပိုင်တွေက နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အတားအဆီးကြီးတွေကို ဘယ်လို ကျော်လွှားခဲ့ပုံကို အဓိက ပြောင်းလဲ ရိုက်ကူးထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်က ကိုးကန့်ဒေသမှာ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အပြီး တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှာ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုနဲ့ ဆက်နွှယ်နေတဲ့ ဝေါ့ဟုရှန်းစခန်း၊ အိမ်နီကြီးစခန်းနဲ့  ဒုန်းဟုစခန်းစတဲ့ စခန်း ၃ ခုအပါအဝင် ကိုးကန့်ဒေသထဲက ကျားဖြန့်စခန်းတွေထဲကို တရုတ်စုံစမ်းစစ်ဆေးသူတွေ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခွင့် ရရှိခဲ့ကြတာပါ။

စခန်းတာဝန်ခံတွေကို တရားစွဲဆိုနိုင်ဖို့အတွက် လိုအပ်တဲ့ သက်သေအထောက်အထားတွေကို စုဆောင်းဖို့ ရဲအရာရှိတွေကို တာဝန်ပေးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကနေ ရရှိလာတဲ့ သတင်းအချက်အလက်တွေအရ တရုတ် အထူးတပ်ဖွဲ့ဟာ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေ မြှုပ်နှံခံထားရတယ်လို့ ယူဆရတဲ့ နေရာကို သွားရောက်ခဲ့ပြီး ပြင်းထန်စွာ ပုပ်ပွနေတဲ့ ရုပ်အလောင်း ၃ လောင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေက အဆိုပါ ရုပ်အလောင်းတွေကို တရုတ်နိုင်ငံဆီ ပြန်လည်သယ်ဆောင်ဖို့ အစပိုင်းမှာ ချက်ချင်း သဘောမတူခဲ့ပေမဲ့  တရုတ်အဖွဲ့ဟာ မှုခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် သေဆုံးသူ ၃ ဦးဆီကနေ ဇီဝဗေဒဆိုင်ရာ နမူနာတွေကို စုဆောင်းပြီး တရုတ်နိုင်ငံဆီ ပြန်ယူသွားနိုင်ခဲ့ပါတယ်။

မှုခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေအရ သေဆုံးသူအားလုံးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ရုပ်အလောင်း ၂ လောင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျည်ဆန်တွေ ကျန်ရှိနေသေးတာကို တွေ့ရှိခဲ့ရပါတယ်။

နောက်ပိုင်းမှာ မြန်မာတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့အတူ အထူးတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေကြားထဲကနေ အဓိကနေရာတွေဆီ အသက်အန္တရာယ်ကြားက အကြိမ်ကြိမ် ဝင်ရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ သက်သေစုဆောင်းမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဝမ်ကျိုးမြို့ ပြည်သူ့လုံခြုံရေးဗျူရို၊ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန ဒုတိယအကြီးအကဲ ရန်ကော့ချန်က "ကျနော်တို့ ပြန်ယူဖို့ လိုအပ်တာက လူသတ်မှုတွေရဲ့ သက်သေတင်မကပါဘူး၊ လောင်းကစားနဲ့ အွန်လိုင်းငွေလိမ်မှုတွေရဲ့ သက်သေတွေလည်း ပါပါတယ်။ ကျနော်တို့ စုံစမ်းစစ်ဆေးရမဲ့ ဧရိယာက အင်မတန် ကျယ်ဝန်းလှပါတယ်။ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေပင် ရှိနေခဲ့တာပါ။ ဒါပေမဲ့ ကျနော်တို့ စွန့်စားရမှုတွေအပေါ် သိပ်ပြီး တွေးမနေခဲ့ပါဘူး။ သွားသင့်သလား မသွားသင့်ဘူးလားဆိုတဲ့ မေးခွန်းအတွက် ရွေးချယ်စရာ မရှိခဲ့ပါဘူး၊ ကျနော်တို့ သွားကိုသွားရမှာပါ။ ကျနော်တို့ ပြန်မလာနိုင်ခဲ့ရင်တောင် ကျနော်တို့ရဲ့ ခြေရာကို ဆက်နင်းမဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေ အဆင်သင့် ရှိနေမှာပါ" လို့ ပြောပါတယ်။

တရုတ်အာဏာပိုင်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ်နိုင်ငံကို ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ နယ်စပ်ဖြတ်ကျော် အွန်လိုင်းနဲ့ တယ်လီဖုန်း ငွေလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့အတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ အထူးစစ်ဆင်ရေးတခုကို စတင်ခဲ့တာပါ။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂိုဏ်းဝင် ၁၁  ယောက်ကို သေဒဏ်ပေးခဲ့ပြီး အဲဒီအထဲမှာ အဓိက ဂိုဏ်းခေါင်းဆောင်တွေ ပါဝင်ပါတယ်။ 

အဆိုပါ ၁၁ ဦးကို တိုက်ရိုက် လူသတ်မှု၊ တမင်တကာ နာကျင်စေမှု၊ တရားမဝင် ထိန်းသိမ်းမှု၊ လိမ်လည်မှုနဲ့ လောင်းကစားဒိုင် ပြုလုပ်မှု စတဲ့ ပြစ်မှုတွေနဲ့ ဝမ်ကျိုးမြို့ တရားရုံးက ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ပထမအကြိမ် သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပယ်မျိုးနွယ်စု ဂိုဏ်းရဲ့ ခေါင်းဆောင် ပယ်ရင်းချောင်းလည်း ပါဝင်ပြီး၊ သူက ကင်မရာရှေ့မှာ "ကျားဖြန့် မလုပ်ရင် ဘာမှလုပ်စရာမရှိဘူး" ဆိုတဲ့ ဒေသတွင်း ကူးစက်နေတဲ့ အဆိပ်အတောက် ဖြစ်ဖွယ် ယဉ်ကျေးမှုကို ပြောပြခဲ့ပါတယ်။ စစ်တပ်ကေဒါဟောင်း တယောက်ရဲ့ သားဖြစ်သူ ပယ် ဟာ အွန်လိုင်းငွေလိမ် ဇုန်အမြောက်အမြားကို တည်ထောင်ခဲ့သူဖြစ်ပြီး သူ့ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သေဒဏ်ပေးခဲ့ပါတယ်။

ရုပ်သံရဲ့ နောက်ဆုံးအပိုင်းမှာတော့ နယ်စပ်ဖြတ်ကျော် ဥပဒေစိုးမိုးရေး ပိုမိုနက်ရှိုင်းလာမှုကို အသေးစိတ် ဖော်ပြထားရာမှာ မူဆယ်မြို့မှာ ပြုလုပ်ခဲ့တဲ့ တရုတ်-မြန်မာ ပူးပေါင်းစစ်ဆင်ရေးတွေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြဝတီ ကျားဖြန့်စခန်းတွေကို ရှင်းလင်းဖို့ ထိုင်းနိုင်ငံနဲ့ ပြုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အဓိကထား နှိမ်နင်းခဲ့တဲ့ စစ်ဆင်ရေးတွေဟာ အလွန်ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်မှုတွေဟာ ၁၁ လဆက်တိုက် လျော့ကျသွားခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်းမှာ ရာဇဝတ်မှုတွေဟာ ၁၅ ဒသမ ၆ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီရုပ်သံမှတ်တမ်းဟာ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ် ကွန်ရက်တွေရဲ့ ထိတ်လန့်ဖွယ်ရာ အမှန်တရားနဲ့ နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းနေတာကို အထင်အရှား မီးမောင်းထိုးပြနေလို့ဆိုပေမဲ့ ဒီလုပ်ငန်းတွေမှာ မြန်မာ စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ ပါဝင် ပတ်သက်မှုတွေကိုတော့ ဖော်ပြထားတာတော့ မရှိပါဘူး။

Source: CCTV/ CMG/ Global Times/ Thepaper

ရုပ်သံမှတ်တမ်း (ပထမပိုင်း ) Link 

https://www.thepaper.cn/newsDetail_forward_34202174

ရုပ်သံမှတ်တမ်း (ဒုတိယပိုင်း ) Link 

https://www.thepaper.cn/newsDetail_forward_34205692

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013